အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ဂျေရုဆလင်မှာ ပြင်သစ်အရာရှိ ၂ ယောက်ကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် လက်မခံနိုင်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဒီပဋိပက္ခဟာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းနိုဝယ်ဘာဟွတ် ဂျေရုဆလင်ရဲ့ သံလွင်တောင်ပေါ်ရှိ ပြင်သစ်ပိုင် ပါတယ်နိုစ်တယ်ဘုရားကျောင်းဝင်းကို သွားရောက်ချိန်မှာ ဖြစ်ပွားခဲ့တာပါ။
ဂျေရုဆလင်ရှိ ပြင်သစ်အုပ်ချုပ်မှုအောက်ရှိ ဘာသာရေးနယ်မြေမှာ အစ္စရေးလက်နက်ကိုင် တပ်ဖွဲ့ကို နေရာချထားမှုကြောင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက သာသနာ့နယ်မြေကို ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပြင်သစ် နိုင်ငံခြားရေး၀န်ကြီး ဘာဟွတ်က “အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြင်သစ်ဆီကနေ အရင်ဆုံး ခွင့်ပြုချက်လည်း မတောင်းခံပဲ၊ ဒီနေ့ သွားမယ်လို့လည်း သဘောမတူထားပဲ လက်နက်တွေကိုင်ဆောင်ပြီးတော့ ဝင်ရောက်လာတာကြောင့် အီလျိုနာဘုန်းကြီးကျောင်းဝင်းကို ဒီနေ့ မသွားဖြစ်တော့ဘူး”လို့ ပြောပါတယ်။
ဂျေရုဆလင်မှာ ပြင်သစ်တာဝန်ယူထားတဲ့ နယ်ပယ် ၄ ခုရဲ့ ဂုဏ်သိက္ခာကို လေးစားရပါမယ်၊ ဒီအခြေအနေဟာ လက်ခံနိုင်စရာမရှိသလို ပြင်သစ်တာဝန်ယူထားတဲ့ နယ်မြေရဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်မှုဟာ အစ္စရေးနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆက်ဆံရေးကို ပျက်ပြားစေမယ့် အန္တရာယ်တွေလည်း ရှိနေပြီလို့ ဝန်ကြီးဘာဟွတ်က ပြောပါတယ်။
“ကျွန်ုပ်တို့ အားလုံးက ဒေသကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အရောက်လှမ်းဖို့ လိုနေတဲ့အချိန်မှာ တချိန်က အစ္စရေးနဲ့အတူ ပြုစုပျိုးထောင်ခဲ့တဲ့ ဆက်ဆံရေးကို ပျက်ပြားစေခဲ့ပြီ။”
လာမယ့်ရက်တွေမှာ ပြင်သစ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကို ဆင့်ခေါ်သွားမယ်လို့လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ သံတမန်ရေး တင်းမာနေချိန်မှာပဲ ပြင်သစ်အရာရှိ ၂ ယောက်ကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေက မထင်မှတ်ပဲ ဖမ်းဆီးလိုက်တာကြောင့် တင်းမာမှုက ပိုပြင်းထန်သွားတာပါ။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ခရီးစဉ်အတွင်းမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြင်သစ်လုံခြုံရေးအစောင့် ၂ ဦးကြား အချေအတင်ဖြစ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကို သံတမန်တွေလို့ သတ်မှတ်ပြီးနောက်မှာ ချက်ချင်း ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အလည်အပတ်လာရောက်တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တိုင်း အစ္စရေးရဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ သွားရောက်ရမှာဖြစ်တယ် ဆိုတဲ့အချက်ကို အစ္စရေးနိုင်ငံရှိ ပြင်သစ်သံရုံးနဲ့ အစည်းအဝေးမှာ ရှင်းလင်းဆွေးနွေးခဲ့ပြီးပြီလို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းဟာ တိုက်ခိုက်ရေးလက်နက်တွေ ထောက်ပံ့မှုကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပြီးတော့ အစ္စရေးကိုလည်း ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ သံတမန်ရေးအပေါ် အာရုံစိုက်ဖို့ တိုက်တွန်းခဲ့ပြီးကတည်းက ပြင်သစ်နဲ့ အစ္စရေးကြား သံတမန်ဆက်ဆံရေး ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters