Home
မြန်မာသတင်း
ကန်သာယာပန်းခြံအတွင်း လူငယ် ၉ ဦး ဖမ်းဆီးခံရ
DVB
·
November 8, 2024

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမနဲ့ ခေမာသီလမ်းထောင့်ရှိ ကန်သာယာပန်းခြံမှာ အပန်းဖြေနေတဲ့ လူငယ် ၉ ယောက်ကို စစ်ကောင်စီရဲနဲ့ ပန်းခြံလုံခြုံရေးအဖွဲ့က အမှုဆင်ဖမ်းဆီးပြီး တရားရုံးတင်ကာ ငွေညှစ်ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲကျော်က ပန်းခြံအတွင်းက ရေကန်ဘေးမှာ ထိုင်နေတဲ့ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်တွေ ဖမ်းဆီးခံလိုက်ရတာပါ။

ပန်းခြံအနီးအနားနေထိုင်သူတဦးက “ရဲကား ၂ စီး၊ တစီးက ဥဇ္ဇနာထိပ်မှာ၊ တစီးက ပန်းခြံအဝမှာ ထားပြီး ကလေးတွေကို ဝင်ဖမ်းတာ။ ပန်းခြံက ၆ နာရီဆို ပိတ်တာ။ ဝီစီမှုတ်ပြီး လူလိုက်ထုတ်တာ မသွားလို့ လုံခြုံရေးက ရဲခေါ်လိုက်တာ”လို့ ပြောပါတယ်။

မိသားစုဝင်တွေက သိသိချင်း မြောက်ဥက္ကလာပ ရဲစခန်းကို လိုက်သွားခဲ့ပေမဲ့ နောက်နေ့မနက်မှာ တရားရုံးတင်မှာဖြစ်တာကြောင့် ဆောက်လက်စ တရားရုံး ၃ ထပ် အဆောက်အဦရဲ့ အနောက်ဘက်ဝန်းထဲမှာ ငွေဒဏ်လာဆောင်ပေးဖို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်က ပြောခဲ့တယ်လို့ သိရပါတယ်။

မတရားဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ (က) ရပ်ကွက်နဲ့ (ဋ)  ရပ်ကွက်တို့က အလုပ်ပြန် လူငယ်တွေဖြစ်ပြီး နိုဝင်ဘာ ၆ ရက်၊ မနက် ၁၁ နာရီလောက်မှာ ရဲစခန်းကနေ လက်ထိပ်အတွဲလိုက်ခတ်ပြီး တရားရုံးဘက် လမ်းလျှောက်ခေါ်လာတာဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “လက်ထိပ်တွေ အတွဲလိုက်ကြီးခတ်ပြီး ခေါ်လာတာ။ ကလေးတွေက ဘာရာဇဝတ်သားမှလည်း မဟုတ်ဘူး။ အားလုံး ၉ ယောက်။ တယောက် ၂ သိန်း။ ရဲက တသိန်း၊ တရားသူကြီးက တသိန်း။ သူတို့အလုပ်ကအပြန် ညနေပိုင်းလောက် ပန်းခြံထဲ ဝင်ထိုင်မိတာ။ ဘာလက်နက်၊ မူးယစ်ဆေး၊ ဘာမှ မဟုတ်တာ လုပ်ထားတာ မရှိဘူး။ ဘာအမှုနဲ့ဆွဲလည်း ဘာမှ မပြောဘူး”လို့ ပြောပါတယ်။

အမှုစစ်ရဲက ကျပ်ငွေ ၁ သိန်း၊ တရားသူကြီး ကျပ်ငွေ ၁ သိန်း စုစုပေါင်း လူငယ်တဦးကို ကျပ်ငွေ ၂ သိန်းပေးပြီး ခံဝန် တနှစ်ထိုးခိုင်းကာ ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ဥက္ကလာပရဲတပ်ဖွဲ့ဟာ လူငယ်တွေကို အမှုဆင်ဖမ်းဆီးနေပေမဲ့ မြို့နယ်အတွင်း ရပ်ကွက် ၁၉ ခုက ပေါ်ပေါ်တင်တင်လုပ်လာတဲ့ လောင်းကစားလုပ်ငန်းတွေနဲ့ တုတ်ဓားအမည်ရှိ ငွေတိုးပေးဂိုဏ်းတွေ‌ကိုတော့ ‌လိုင်းကြေးယူထားတာကြောင့် ဖမ်းဆီးအရေးယူတာမျိုး မတွေ့ရပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024