ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးသိုင်ချောင်း - ဂွ လမ်းဆုံမှာ စစ်ဘေးရှောင် အမျိုးသား ၂ ယောက်ကို နိုဝင်ဘာ ၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဟုတ်တယ် မနေ့ နေ့လယ်ပိုင်းက အဖမ်းခံရတာ။ ရခိုင် ဂွကနေလာတဲ့ စစ်ဘေးရှောင်တွေလို့ သိရတယ်။ စကစ ဘက်ကတော့ PDF တွေပေါ့၊ စစ်ဘေးရှောင်တွေ မဟုတ်ဘူးလို့ ပြောတယ်။ ယောကျ်ားတွေချည်းပဲ။ နာမည်တွေ ဘာတွေတော့မသိသေးဘူး” လို့ သာပေါင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သာပေါင်းမြို့နယ်၊ ငါးသိုင်းချောင်း၊ ဂွ စတဲ့တဆက်တည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တောင်ရိုးပေါ်မှာ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ဟာ ရွှေယဉ်မျှော် ကျေးရွာနဲ့ မရမ်းချို ကျေးရွာကြားမှာ အထိုင်ချကာ ရခိုင်ဘက်က ဝင်လာသူတွေကို စစ်ဆေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
“PDF ဆိုပြီး ဖမ်းရင် အမှူဖွင့်ခံရဖို့များတယ်။ သာပေါင်း ရဲစခန်းမှာ လောလောဆယ်တော့ စစ်နေတယ်လေ။ အခုက အရာရှိတွေကိုယ်တိုင် ဗိုလ်ကြီးတွေက စစ်ဆေးနေတာ။ စစ်ရှောင်ကိစ္စ ဆိုတော့ ပိုဆိုးတယ်” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသားတယောက်ကို အကြမ်းဖက်ဥပဒေနဲ့ ရေကြည်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။