လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ အရေးပါတဲ့ လစ်တာနီမြစ်ရဲ့ မြောက်ဘက်မှာ ဟစ်ဇ်ဘိုလာအဖွဲ့က လက်နက်ဖြုတ်သိမ်း ဆုတ်ခွာမှု မလုပ်မချင်း လက်ဘနွန် အပစ်အခတ် ရပ်စဲရေးကို သဘောတူမှာ မဟုတ်ကြောင်းနဲ့ အစ္စရေးမြောက်ပိုင်း ဒေသခံတွေကိုလည်း သူတို့နေအိမ်တွေဆီ ပြန်ခွင့်ပြုဦးမှာ မဟုတ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးအသစ် အစ္စရေးလ် ကတ်ဇ်က နိုဝင်ဘာ ၁၃ ရက် ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ကတ်ဇ်ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး တပ်မတော်စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလေဗီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ယူရီဂေါ်ဒင် တို့နဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်စကား ပြောကြားခဲ့တာပါ။
အမေရိကန် အရာရှိတယောက်က အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်မယ်လို့ ထုတ်ဖော်ပြောဆိုပြီးနောက် ဝါရှင်တန်ရဲ့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို ကြားရဖို့ လက်ဘနွန်က စောင့်ဆိုင်းနေချိန်မှာ အစ္စရေး ကာကွယ်ရေးဝန်ကြီးက မှတ်ချက် ပြောကြားလိုက်တာဖြစ်ပြီး ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်ချရေး ဆိုတဲ့ စစ်ပွဲရဲ့ပန်းတိုင် မပါဝင်ရင် ဘယ်အစီအစဉ်ကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။
ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဆင်ခြေဖုံးတွေကို နိုဝင်ဘာ ၁၃ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေ ညပိုင်းမှာ ဆက်တိုက်လုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၄ ရက် အစောပိုင်းမှာ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဘေရွတ်ဒေသမှာ တိုက်ခိုက်မှုတွေအတွင်း ဟစ်ဇ်ဘိုလာ လက်နက်သိုလှောင်ရုံတွေနဲ့ ကွပ်ကဲရေးစင်တာ ၉ ခုကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှာ ဟစ်ဇ်ဘိုလာက ဒုံးကျည် ၄၀ မမနဲ့ အစ္စရေးထဲကို ပစ်ခတ်ခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်း တိုက်ပွဲအတွင်း အစ္စရေးစစ်သား ၆ ယောက် ကျဆုံးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
Source : Reuters