လက်ဘနွန်နိုင်ငံ တောင်ပိုင်းနဲ့ လက်ဘနွန်တောင်တန်းကြားမှ သမိုင်းဝင်ဒေသဖြစ်တဲ့ ချို့ဖ်ခရိုင်ရှိ ယွန်းန်ရွာမှာ နိုဝင်ဘာ ၁၂ ရက်က အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦတွေနဲ့ တိုက်ခန်းတွေ ကွဲကြေပျက်စီးသွားတာကို နိုဝင်ဘာ ၁၃ ရက်မှာ တွေ့မြင်ရပါတယ်။
လက်ဘနွန်နိုင်ငံ မြောက်ပိုင်းရှိ အိုင်းန်ယာကွတ်ဘ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က အစ္စရေး တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပြီး တရက်အကြာ နိုဝင်ဘာ ၁၂ ရက်မှာ ဒေသခံလူထုဟာ အပျက်အစီးတွေကြားထဲမှ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ပြန်ရှာဖွေခဲ့ကြပါတယ်။
လက်ဘနွန်ရဲ့ မြောက်ဘက်အကျဆုံးနေရာကို တိုက်ခိုက်မှုမှာ ဆီးရီးယားဒုက္ခသည်တွေ အပါအဝင် လူအယောက် ၃၀ လောက် နေထိုင်တဲ့ အဆောက်အအုံကို ထိမှန်ခဲ့ကြောင်း မြို့တော်ဝန် မာဂျဒ် ဒရ်ဘီးစ်က ရိုက်တာကို ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ လူတချို့ ပိတ်မိနေသေးကြောင်းလည်းသူက ဆိုပါတယ်။ အစ္စရေးစစ်တပ်ကတော့ သူ့တပ်ဖွဲ့တွေဟာ တိကျတဲ့ ထောက်လှမ်းရေးကို အခြေခံထားပြီး အတွင်းရှိ အကြမ်းဖက်သမားနဲ့အတူ စစ်တပ်ဖွဲ့စည်းပုံကို ပစ်မှတ်ထားတာဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပြီး မရည်ရွယ်တဲ့ ပစ်မှတ်တွေကို မလိုလားအပ်ပဲ မထိမှန်စေဖို့ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ မသက်ဆိုင်တဲ့ သေဆုံးမှု စာရင်းတွေနဲ့ ဖြစ်ရပ်ကို ချဲ့ကားပြောဆိုနေတာလို့လည်း ဆိုပါတယ်။
Source: Reuters