ယူကရိန်းဟာ တန်ဖိုးထားစရာတွေ၊ လွတ်လပ်မှု၊ အမျိုးသား အကျိုးစီးပွားတွေနဲ့ နယ်မြေစိုးမိုးရေး တို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်လွတ်မြောက်အောင် တိုက်ပွဲဝင်နေတာလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစ်တမ် အူမယ်ရော့ဗ်က နိုဝင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် တိုင်းပြည်ဟာ နယ်မြေလုံခြုံရေးကို ဦးစားပေးဖို့ စစ်ပွဲမှာ အာရုံပြောင်းနေတယ် ဆိုတဲ့ စွပ်စွဲချက်မှန်သမျှဟာ မှားယွင်းနေပြီး ဒါဟာ ရုရှားက ဝါဒဖြန့်တာလို့လည်း ယူကရိန်းဝန်ကြီး အူမယ်ရော့ဗ်က အော်စလိုမှာ နော်ဝေကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နယ်မြေစိုးမိုးရေးဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးထားရမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပေမဲ့ ရုရှားရဲ့ ဝါဒဖြန့်ချက်က အလွန်ကို အားကောင်းနေတာကြောင့် ဒါကို ပျံ့နှံ့သွားမှာကို ဥရောပ လုပ်ဖော်ကိုင်ဖက်တွေက စိုးရိမ်နေကြတယ်လို့လည်း ပြောဆိုပါတယ်။
ကျနော်တို့ရဲ့ ဦးစားပေးက ပြည်သူကို ကာကွယ်ဖို့၊ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ဆယ်နှစ်နီးပါး ယာယီ သိမ်းပိုက်ခံထားရတဲ့ လူတွေကို လွတ်မြောက်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခရိုင်းမီးယား၊ ဒွန်ဘတ်စ်ဟာ ယူကရိန်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဇာပိုရစ်ချ်ဇီးယားမှာ၊ ခါဆွန်မှာ ယာယီ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေမှာ ပြည်သူတွေက စောင့်မျှော်နေကြပါတယ် လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အူမယ်ရော့ဗ်က ပြောပါတယ်။
Source-Reuters