စစ်ပွဲအရှိန်မမြှင့်ဖို့ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ပေမဲ့ စစ်ပွဲစပြီးနောက်ပိုင်း အကြီးဆုံး ဒရုန်းတိုက်ခိုက်မှုတွေကို ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက အပြန်အလှန် လုပ်ဆောင်ခဲ့ကြပါတယ်။
မော်စကိုဆီ ဦးတည်လာတဲ့ ဒရုန်းတွေအပါအဝင် ပြည်နယ် ၆ ခုပေါ်မှာ ယူကရိန်း ဒရုန်း ၈၄ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြို့တော်က အဓိက လေဆိပ် ၃ ခုမှာလည်း လေယာဉ်တွေကို လမ်းကြောင်း ပြောင်းပေးခဲ့ရပါတယ်။
စနေ့ညက ရုရှားဘက်ကလည်း ယူကရိန်းနိုင်ငံတဝန်း ဒရုန်း ၁၄၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အများစုကို ပစ်ချခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။
ယူကရိန်းက မော်စကိုကို တိုက်ခိုက်ဖို့ ကြိုးစားမှုဟာ စစ်ဖြစ်ကတည်းက မြို့တော်အပေါ် အကြီးဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒရုန်းအများစုကို ပစ်ချခဲ့တယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
မော်စကိုရဲ့ အနောက်တောင်ဘက်က ရာမန်စကွိုင်မှာ လူ ၅ ယောက် ဒဏ်ရာရပြီး အဆောက်အအုံ ၄ လုံး မီးလောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ယူကရိန်းဘက်မှာတော့ အိုဒက်ဆာဒေသမှာ ဒရုန်းတိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဓာတ်ပုံတွေအရ အဆောက်အအုံတချို့ကနေ မီးလောင်နေပြီး ပျက်စီးသွားတဲ့ နောက်ဆက်တွဲ ပုံရိပ်တွေကို တွေ့ရပါတယ်။ ယူကရိန်း လေတပ်က ရုရှားရဲ့ အီရန်လုပ် ဒရုန်း ၆၂ စင်းကို ပစ်ချခဲ့ပြီး ၆၇ စင်းကတော့ ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
နောက်ထပ် ၁၀ စင်းကတော့ အိမ်နီးချင်း ဘီလာရုစ်နဲ့ မော်လ်ဒိုဗာဘက်အပါအဝင် ရုရှားဆီ ပြန်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
တနင်္လာနေ့အထိ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကာ့စ်နဲ့ ဘဲလ်ဂေါရော့ဒ် ဒေသတွေအနီးမှာ ယူကရိန်း ဒရုန်း ၁၃ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်း တောင်ပိုင်း မီကိုလိုင်ဗ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတွေ မီးလောင်ပြီး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
Source: Reuters