ယူကရိန်းအစိုးရဟာ ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့ တာဝေးပစ်လက်နက်တွေကို သုံးနိုင်တာ ဖြစ်သင့်တဲ့အကြောင်းနဲ့ ဒါကို ဥရောပသမဂ္ဂနိုင်ငံတွေက ထောက်ခံသင့်တယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်က နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
ဘယ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မတိုင်မီ ဘော်ရယ်က ခုလို ပြောလိုက်တာပါ။
ရုရှားနိုင်ငံထဲကို လက်နက်တွေသုံးပြီး တိုက်ခိုက်ဖို့ EU အစုအဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းကို နောက်ဆုံးမှာ သဘောတူခွင့်ပြုလာဖို့ မျှော်လင့်တယ်လို့ ဘော်ရယ်က ထုတ်ဖော် ပြောကြားပါတယ်။
မြားကိုရပ်တန့်ရုံသာမက လေးသမားတွေကိုပါ ထိမှန်စေဖို့ ပေးထားတဲ့ လက်နက်တွေကို ယူကရိန်းက သုံးနိုင်စွမ်း ရှိသင့်တယ်လို့ တကြိမ် ပြောခဲ့ဖူးပြီး အခုထပ်ပြောတာပါလို့ ဘော်ရယ်က ပြောပါတယ်။
ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေ ပံ့ပိုးပေးတဲ့ ပြင်သစ်ကတော့ ရုရှားနိုင်ငံထဲက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းအစိုးရကို ခွင့်ပြုရေးဟာ စားပွဲဝိုင်းပေါ်မှာ ရွေးချယ်စရာတခုအဖြစ် ကျန်နေသေးတယ်လို့ပြောပါတယ်။
"ရုရှားက လက်ရှိ ယူကရိန်းပိုင်နက်ကို ရန်စနေတဲ့ ပစ်မှတ်ကို တိုက်ခိုက်ခွင့်ပြုမယ်ဆိုရင် ဒါက စဉ်းစားရမယ့် ရွေးချယ်မှုတခုလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။
ဒါကြောင့် တဖက်မှာ ဘာမှ မဆန်းပါဘူးလို့ ပြင်သစ်ရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီး ယွန်းနူဝယ် ဘာဟူက အီးယူဝန်ကြီးများ အစည်းအဝေး မတိုင်မီ သတင်းထောက်တွေကို ပြောပါတယ်။
လတ်တလော ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆိုမွေဒေသက လူနေအဆောက်အအုံတခုကို ရုရှား ဒုံးကျည်တစင်း ထိမှန်ခဲ့လို့ နိုဝင်ဘာ ၁၇ ရက် ညက ကလေးတယောက် အပါအဝင် လူအများအပြား သေဆုံးခဲ့တယ်လို့ ဒေသတွင်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ည ၁၀ နာရီလောက်က ရန်သူ့တိုက်ခိုက်မှုကြောင့် ကလေးငယ်တယောက် အပါအဝင် လူ ၈ ယောက် သေဆုံးပြီး ဒေသခံ ၁၀ ယောက် ဒဏ်ရာရတယ်လို့ အစိုးရရှေ့နေတွေက သတင်း ထုတ်ပြန်ပါတယ်။
လူနေအဆောက်အအုံတခုအနားက မီးလောင်မှုကို အရေးပေါ်ဌာနက လူတွေက ကိုင်တွယ်ဖြေရှင်းနေပုံ ဗီဒီယိုကို ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားက အရပ်သားတွေကို ပစ်မှတ်ထားခြင်းကို ငြင်းဆိုပေမယ့် ယူကရိန်းကို အပြည့်အ၀ စစ်ရေး ကျူးကျော်မှုအတွင်း ၂၀၂၂ အစောပိုင်းကတည်းက ခုထိ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ရုရှားဟာ လတ်တလော လတွေအတွင်း ယူကရိန်းအပေါ် အကြီးဆုံး လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒုံးကျည် ၁၂၀ နဲ့ ဒရုန်း ၉၀ တို့ကို ပစ်လွှတ်ခဲ့လို့ လူအများအပြား သေဆုံးပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိယက်ဗ်နဲ့ ဩဒက်ဆာ အပါအဝင် ယူကရိန်းတလွှား ရုရှားက အကြီးအကျယ် တိုက်ခိုက်ပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ ကြေညာခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းနိုင်ငံတဝန်း လေကြောင်းပစ်မှတ် ၁၄၀ ကို နိုင်ငံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရန်လုပ် ရှာဟိဒ်ဒုံးကျည်တွေအပြင် ပဲ့ထိန်းဒုံးကျည်တွေ လေယာဉ်ပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် ၃ နှစ်နီးပါးကြာ စစ်ပွဲရဲ့ အကြီးဆုံး အတားအဆီးတွေထဲက တခုဖြစ်တဲ့ ဒရုန်းအမျိုးအစား အမျိုးမျိုးကို တပ်ဖြန့်ချထားတယ်လို့လည်း သူက ပြောပါတယ်။
Source : Reuters