Home
မြန်မာသတင်း
ပုလဲမြို့က မြို့ဦးရပ်ကွက်နှင့် အလယ်ဘုံရွာကို စစ်တပ်က တနေကုန်မီးရှို့
DVB
·
November 24, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့က မြို့ဦးရပ်ကွက်နဲ့ အလယ်ဘုံရွာကို နိုဝင်ဘာ ၂၃ ရက်‌နေ့ မနက်ပိုင်းကစလို့ စစ်တပ်က ဝင်ရောက်မီးရှို့နေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလဲမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားပြီးချိန်ကစလို့ စစ်တပ်ဟာ ရပ်ကွက်နဲ့  မြို့အနီးကကျေးရွာတွေကို လိုက်လံ မီးရှို့နေတာ ဖြစ်ပါတယ်။

အလယ်ဘုံရွာသားတယောက်က “ကျ‌နော်တို့ အလယ်ဘုံရွာကို  စစ်တပ်က မနက် ၉ နာရီခွဲလောက်ကတည်းက စပြီးမီးရှို့နေတာဗျ။ ရွာကနေ မီးခိုးတွေထွက်လာပြီး သိပ်မကြာဘူး၊ ပုလဲမြို့ပေါ်က မြို့ဦးရပ်ကွက်ကို ထပ်ပြီး မီးရှို့တယ်။ အခု ညနေပိုင်းအထိ မီးခိုးတွေက မရပ် သေးဘူး။ အကုန်လုံး ရွာရှိအိမ်ပြောင်အောင် ရှို့နေကြတာပဲ။ ဝင်တော့မကြည့်ရဲဘူးလေ။ စစ်သားတွေက ရွာထဲကနေ မထွက်သေးတော့ မီးလောင်တဲ့ အိမ်အရေအတွက်လည်း ဘာမှမသိရသေးပါဘူးဗျာ” လို့ ပြောပါတယ်။

အလယ်ဘုံရွာဟာ ပုလဲမြို့ရဲ့ အရှေ့မြောက်ဘက်အနီး ချောင်းတခုပဲခြားပြီး အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးကျော်စိုးဝင်းက “သူတို့က လူမ‌နေတဲ့အိမ်တွေကို မီးရှို့တာလို့ သတင်းလွှင့်တယ်ပေါ့လေ။ အဲဒါက အသံကောင်းဟစ်တာဗျ။ လူတွေက သူတို့အိမ်လေးတွေ မီးရှို့မှာစိုးကြပြီး မြို့ထဲ ပြန်ဝင်ကြတာတွေ အရင်ရက်ပိုင်းက လုပ်ကြသေးတယ်။ မြို့ထဲ အဝင်လမ်းတွေကို စစ်တပ်က မိုင်းထောင်ထားတာကို တက်နင်းပြီး မိုင်းကွဲတာတွေရှိတော့ ဘယ်သူမှ မဝင်ရဲကြတော့ဘူး။ မိုင်းမိပြီး  မိုင်းကွဲလို့ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၂ ယောက် စုစုပေါင်း ၄ ယောက် ဒဏ်ရာရရှိထားတယ်။ အဲဒီ ၄ ဦးစလုံးကို ကျနော်တို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီကယ်ဆယ် ဆေးကုသပေးထားပါတယ်။ ဒီနေ့လည်း အလယ်ဘုံရွာရော၊ မြို့ဦးရပ်ကွက်ရောပါ မီးရှို့နေတာ တနေကုန်ပဲ။ ပြည်သူတွေနဲ့ လူ‌နေအိမ်တွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ် မီးရှို့နေတာဟာ စစ်တပ်ရဲ့ ကျူးလွန်မှုများကို ဘယ်သူကမှ အရေးယူမယ့်သူတွေမရှိလို့ ဖြစ်လိမ့်မယ်။ ကမ္ဘာကလည်း ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူတွေကို လျစ်လျူရှုထားလို့  ဒီစစ်တပ်က အနိုင်ကျင့်နေတာလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပုလဲမြို့တွင်းနဲ့ ပုလဲမြို့အနီးအနားကျေးရွာတွေက ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်ကစလို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ဒီနေ့အချိန်အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024