Home
မြန်မာသတင်း
ကျွန်းလှတွင် စစ်ကောင်စီတပ်က မြေပြင်မှာ စစ်ကြောင်းထိုး၊ လေကြောင်းမှ တိုက်ခိုက်
DVB
·
November 25, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လေကြောင်းကလည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့​ အဖွဲ့ဝင်တယောက်က “မုံရွာ နမခက တက်လာတဲ့ Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှု ၇ ကြိမ် လုပ်သွားတယ်လို့ ကနဦး သိရပါတယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေတာမို့ ဘာမှပြောလို့မရသေးပါဘူးဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ တောင်ယာဆိပ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီး ညနေ ၄ နာရီဝန်းကျင်မှာလည်း တောင်ယာဆိပ်ကျေးရွာနဲ့ ကုက္ကိုကုန်းကျေးရွာကြားကို ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါပဲ။ အသေးစိတ်အခြေအနေကိုတော့ ပြောမရသေးဘူး။ သေချာတာကတော့ သူတို့ဘက်က တော်တော်လေး အထိနာလို့ လေကြောင်းပစ်ကူ ခေါ်တာပါ။ သူတို့လေကြောင်းပစ်ကူက တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ ကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစတင်ပြီး ကျွန်းလှမြို့နယ်ထဲက တောင်ယာဆိပ်ကျေးရွာနဲ့ မဒေါင်၊ လွှတ်တိုက်၊ ဆွဲလှဲ၊ ကုက္ကိုကုန်းကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာနီးပါးကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

People's Defense Comrade ပြန်ကြားရေးတာဝန်ခံက “တောင်ယာဆိပ်ရွာမှာ စစ်ကြောင်းထိုးလို့ ရွာခံတွေ မရှိကြတော့ဘူး။ ရွာလုံးကျွတ် ထွက်ပြေးနေကြတာ ၁၀ ရက်လောက် ရှိနေပါပြီ။ ဒါပေမဲ့ စစ်တပ်စစ်ကြောင်းကတော့ အဲဒီရွာထဲမှာ ရှိနေသေးတယ်။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နောက်ဆက်တွဲ အခြေအနေကတော့ မသိရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဦးဝါသဝရဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတဲ့အတွက် လူနေအိမ် ၅၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သလို ဒေသခံပြည်သူ သောင်းချီပြီး ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024