တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သစ်ငုတ်တိုကျေးရွာကို နိုဝင်ဘာ ၂၄ ရက်က စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီခွဲက တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးသွားတာလို့ သိရပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်နေတဲ့ မောင်ခိုင်ဇော် အသက် (၁၆ နှစ်) သေဆုံးပြီး သစ်ငုတ်တိုကျေးရွာက မခိုင်ဇင်ထွေး (၁၈ နှစ်)၊ ဦးတင်ရွှေ (၇၇ နှစ်) နဲ့ ဦးသိန်းတင် (၄၉ နှစ်) တို့ ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။
သံတွဲဒေသခံ အမျိုးသားတယောက်က “မနေ့က မနက်ပိုင်းလောက်ဖြစ်မယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံးလာချတာ။ ကလေးတယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း တော်တော်ပြင်းထန်တယ်” လို့ ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးမှုတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေတယ်လို့ ရခိုင်က စစ်ရှောင်ကူညီပေးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ တနှစ်တာအတွင်းမှာ အရပ်သားပြည်သူ ၇၁၃ ယောက် သေဆုံးပြီး ၁,၅၆၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကေခိုင်