မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းတခုလုံးကို စစ်ကောင်စီက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တာမျိုး မရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံက သိရပါတယ်။
TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မတ္တရာမြို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် မတ္တရာမြို့ အနောက်ခြမ်းက နေရာတချို့ကို လက်လွှတ်ခဲ့ရတာရှိပေမဲ့ အနောက်ခြမ်းတခုလုံးကို အပြည့်အဝ ထိန်းချုပ်သွားနိုင်တာမျိုးတော့ မဟုတ်ဘူးလို့ MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က DVB ကို ပြောပါတယ်။
မတ္တရာမြို့အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်လို့ နေရာတချို့ လက်လွှတ်ခဲ့ရတာရှိပေမဲ့ မတ္တရာမြို့ အနောက်ခြမ်းတခုလုံးကို စကစ ထိန်းချုပ်သွားနိုင်တာတော့ မဟုတ်ပါဘူးလို့ ကိုအော်စမွန်က ဆိုပါတယ်။
လက်ရှိမှာ MDY PDF နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာ ၂၆ ရက်ကနေ MDY PDF ထိန်းချုပ်နယ်မြေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း လမ်းပိုင်းတွေ သွားလာတာတွေကို ယာယီအနေနဲ့ ကန့်သတ်သွားမယ်လို့ MDY PDF က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်အသိပေးလာပါတယ်။
မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာတဲ့အတွက် လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ လုံခြုံရေးအရ မတ္တရာ-သပိတ်ကျင်း လမ်းပိုင်းကို စတင်ကန့်သတ်တာ ဖြစ်ပါတယ်လို့ ကိုအော်စမွန်က ဆိုပါတယ်။
ဒါ့အပြင် MDY PDF ထိန်းချုပ် စိုးမိုးနယ်မြေတွေအတွင်း စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ တင်သွင်းတာ၊ ရောင်းဝယ်ဖောက်ကား အသုံးပြုတာတွေကိုတင်းတင်းကျပ်ကျပ် တားမြစ်မှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။
လက်ရှိကန့်သတ်ထားတဲ့ လမ်းပိုင်းနေရာတွေကို စစ်ရေးအခြေအနေအရ လုံးဝပိတ်ပင်တာမျိုးတွေလည်း ရှိလာနိုင်ပြီး နောက်ထပ်တစုံတရာမထုတ်ပြန်တဲ့အချိန်အထိ လိုက်နာဖို့ MDY PDF က တိုက်တွန်းထားပါတယ်။