Home
မြန်မာသတင်း
သံတွဲတွင် စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်များ အပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရ
DVB
·
November 28, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နန်းချောင်းကျေးရွာကို နိုဝင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက နန်းချောင်းကျေးရွာရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ ကျေးရွာအတွင်းကို နိုဝင်ဘာ ၂၇ ရက် မနက် ၁၁ နာရီခန့်မှာ ဂျက်ဖိုင်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၆ ယောက်နဲ့ နောက်ထပ် ကျေးရွာသား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သံတွဲဒေသခံတယောက်က ပြောပါတယ်။

“မနက် ၁၁ နာရီလောက် ဂျက်ဖိုင်တာတစီးနဲ့ လာပြီးတော့ ရွာထဲကို တလုံးနဲ့ ဓာတ်အားခွဲရုံကို တနေရာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အရပ်သားသေဆုံးမှုတော့ မရှိဘူး။ ဒါ‌ပေမဲ့ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင် ၆ ဦးနဲ့ ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြတယ်။ ဒဏ်ရာရသွားတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါကြတယ်။ လောလောဆယ်တော့ ဆေးကုသမှု ခံယူနေကြရတယ်။”

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူတွေဟာ သံတွဲမြို့ လသာရပ်ကွက်ကနေ စစ်ဘေးရှောင်နေကြတဲ့ မောင်ခန့်ပိုင် (၁၇ နှစ်)၊ အိမြင့်မြတ်ဖြိုး (၁၇ နှစ်)၊ ဒေါ်ငယ်ရီ (၅၀ နှစ်) နဲ့ ဂျိတ္တောရွာက စစ်ဘေးရှောင်တွေဖြစ်တဲ့ ဒေါ်ခင်မာဝင်း (၇၁ နှစ်)၊ ကိုအောင်ခန့်ကျော် (၂၄ နှစ်)၊ ဦးမောင်ရိုးသိန်း (၅၀ နှစ်) တို့ဖြစ်ကြပြီး နန်းချောင်းရွာကလည်း ဦးကျော်လင်းသူ (၄၀ နှစ်) နဲ့ မအေးသန္တာထွေး (၁၇ နှစ်) တို့ ဖြစ်ကြပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက အရပ်သားတွေနဲ့ စစ်ရှောင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ လေယာဉ်သံကြားရင် ကြောက်လန့်နေရတယ်လို့ သံတွဲမြို့ကနေ စစ်ဘေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“သံတွဲမှာက စစ်ကောင်စီက ဗုံးကြဲလိုက်တိုင်း စစ်ရှောင်တွေနေတဲ့ နေရာတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်။ ၄ ရက်အတွင်းမှာတောင် စစ်ရှောင်တွေနေတဲ့ နေရာကိုပဲ လေကြောင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်တွေနဲ့ အရပ်သားတွေဟာ ဘယ်မှာနေရမလဲ ဆိုတာတောင် မသိတော့ဘူး။ လေယာဉ်သံကြားရင် ကြောက်လန့်နေကြရပြီး ငါတို့နေရာကို ချမလားဆိုပြီး စိုးရိမ်နေကြရတာ။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကိုတော့ ကျမတို့က လုံးဝကို ရှုတ်ချတယ်လို့ ပြောချင်တယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း သံတွဲမြို့နယ်၊ သစ်ငုတ်တိုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ကလေးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် စစ်ဘေးရှောင် ၃ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က စက်တင်ဘာလကတည်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း မကြာခဏဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013