ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို နိုဝင်ဘာ ၄ ရက် ညနေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးပြီး အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူက ပြောပါတယ်။
မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းက စစ်ရှောင်စခန်းတခုရဲ့ နေအိမ်တည့်တည့်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားက နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသမီးက ထိခိုက်ဒဏ်ရာပြင်းထန်ကာ သမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “မိုးဗြဲနားတဝိုက်က လက်နက်ကြီးနဲ့ထုလိုက်၊ ဒရုန်းနဲ့ဗုံးကြဲလိုက်က ရက်တိုင်းလုပ်တယ်။ အိုးအိမ်တွေ ပျက်စီးတာတွေလည်း များတယ်။ တိုက်ပွဲဖြစ်တာတွေလည်း မရှိပါဘူး။ စစ်ကောင်စီဘက်ကပဲ လက်နက်ကြီးနဲ့ထုလိုက် ပြည်သူက ထိလိုက် အဲ့လိုဖြစ်နေတာ” လို့ ပြောပါတယ်။
မိုးဗြဲမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာ ၂ ပတ်နီးပါးထိ ရှိနေပြီလို့ တော်လှန်ရေးအင်အားစုကတဆင့် သိရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက ဆိုင်ခွန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးနဲ့ အလုံး ၄၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။