Home
မြန်မာသတင်း
ရေဦးတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
December 5, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံမှာ အထိုင်ချ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၃ ရက် ည ၈ နာရီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါ ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ၁၂၀ မမ လက်နက်ကြီး တပ်ဆင်ထားကာ ရေဦးမြို့အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ပေါ်နေ လူငယ်တယောက်က “စစ်သားတွေနေတဲ့ တိုင်းရင်းဆေးရုံထဲ လက်နက်ကြီးနဲ့ အပစ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့လည်း လက်နက်ကြီး ပေါက်ကွဲတဲ့အသံတွေလည်း ကြားရတယ်။ အဲဒီ တိုင်းရင်းဆေးရုံဘက် ကျတာပဲ။ ဘယ်နေရာကျတာလဲဆိုတာကတော့ အတိအကျ မသိဘူးအစ်ကို။ ကျနော်တို့လည်း အဲဒီဘက်ကို သွားမကြည့်ရဲဘူး။ လူငယ်တွေဆိုရင် ဖမ်းတယ်။ ဖမ်းပြီး ပိုက်ဆံညှစ်တယ်။ ပိုက်ဆံမရရင် စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲထည့်တာဗျ” လို့ ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ထောက်ပို့တပ်သားတယောက်က “ကျနော်တို့ ၆၀ မမ လက်နက်ကြီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါဗျ။ ၄ လုံးစလုံး (-)ခြံထဲက အဆောက်အဦပေါ်ကျပြီး အဆောက်အဦ ပျက်စီးခဲ့ကာ စစ်သားတဦး ဒဏ်ရာပြင်းထန်ရတယ်လို့ သိထားရတယ်ဗျ။ ကျနော်တို့ (-)ခြံကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးအချိန်မှာ သူတို့ဘက်ကလည်း ကောင်တာပြန်ပစ်ခတ်တာတွေ ပြုလုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ရှိတဲ့ဘက်ကို ပစ်ခတ်တာမဟုတ်လို့ ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အဆောက်အဦ ပျက်စီးမှုကို စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DVB အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို Wolf Guerrilla LDF Ye.U Air Force နဲ့ ရေဦး LPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ရေဦးမြို့နယ် တော်လှန်ရေး အင်အားစုတွေထံကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013