ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ခမရ ၆ က ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးတယောက်နဲ့ တပ်ကြပ်တယောက် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၄ အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက် မနက် ၉ နာရီ မိနစ် ၂၀ လောက်မှာ ခမရ ၆ တပ်တွင်းကနေ ဆိုင်ကယ် ၄ စီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ယောက် အုတ်ဖိုမြို့ဘက် ထွက်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် အောင်ဇေယျက ပြောပါတယ်။
“တပ်တွင်းက ဖရဲသီးသတင်းပေးလို့ စောင့်ပစ်တာပါ။ ရှေ့ကဆိုင်ကယ်ကို အရင်ပစ်တာ၊ အဲဒီမှာ လဲသွားတော့ နောက်ကဆိုင်ကယ်တွေ ပြန်လှည့်ပြေးတယ်။ အဲရှေ့ဆိုင်ကယ်ပေါ်မှာပါလာတဲ့ ဗိုလ်ကြီးသိန်းဝင်းနဲ့ တပ်ကြပ်တင်အောင်တို့ သေသွားတယ်။ ပစ်ခတ်မှုက ၈ မိနစ်လောက်ပဲ ကြာပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး။”
တိုက်ပွဲမှာ MA3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ၅ ဒသမ ၅၆ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုဘိုင်းဖုန်း ၂ လုံး၊ ကျောပိုးအိတ်တလုံး၊ မှတ်ပုံတင်တခု၊ ငွေသား ၄၀,၀၀၀ ကျပ်နဲ့ ခမရ ၆ တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းပြီး ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ် ၃၁ ရက်ကလည်း အုတ်ဖိုမြို့နယ် အေးမြသာယာမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတင်မျိုးအောင် ဆိုင်ကယ်စီးနင်းလာစဉ် အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေ ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။