ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ စစ်သည်တချို့ ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးလို့ နောက်တန်းမှာ ကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ ပုသိမ်အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ က ဗိုလ်မှူး ဝင်းဇော်မိုးနဲ့ ဗိုလ်လေး ထွန်းမင်း အပါအဝင် စစ်သည် ၈ ယောက် နိုဝင်ဘာ ၂၄ ရက်က ထွက်ပြေးသွားတာဖြစ်ပြီး နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ခမရ ၁၀၈ က ဗိုလ်မှူးဝင်းဇော်မိုး အပါအဝင် အားလုံး ၈ ယောက် ထွက်ပြေးသွားတာပေါ့။ ကွပ်ကဲမှုအားနည်းချက်ကြောင့် ဆိုပြီး နောက်တန်းမှာ ကျန်ခဲ့တဲ့ ခလရ ၁၁ နောက်တန်းမှူးနဲ့ ခမရ ၁၀၈ က နောက်တန်းမှူးတွေ၊ မိသားစုတွေကို ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ခေါ်ယူထိန်းသိမ်းထားပြီး စစ်ဆေးနေတာ” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနေသလို အမ်းမြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အပို့ခံရတဲ့ ဧရာဝတီတိုင်း၊ မအူပင်အခြေစိုက် အမှတ် ၂၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ရဲ့ အရာရှိအဆင့်တွေ အပါအဝင် အယောက် ၃၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။