Home
မြန်မာသတင်း
စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူများကို မန္တလေးမြို့အဝင်တွင် စစ်တပ်က ဖမ်းဆီးငွေညှစ်
DVB
·
December 2, 2024

မန္တလေး-စစ်ကိုင်းသွား ကားလမ်းမပေါ်မှာရှိတဲ့ မန္တလေးမြို့အဝင်မှာ ၅/မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက် မနက် ၉ နာရီကစတင်ပြီး  ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အခုလို ဖမ်းဆီးပြီး ငွေတောင်းရမ်းနေသလို  ငွေကြေး မပေးဆောင်နိုင်သူတွေကို ဖမ်းဆီးသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ခရီးသည်တယောက်က “နှာပေါက်ကနေ ဖမ်းတာဗျ။ အထူးသဖြင့် မုံရွာဘက်၊ ရွှေဘိုဘက်နဲ့ စစ်ကိုင်းဘက်က လာတဲ့ကားတွေ အကုန်လုံးကို စစ်တာ။ ၅/မှတ်ပုံတင်ကိုင်တဲ့သူတွေကို အကုန်စစ်တာ။ အတော်လေးကို ရုပ်ပျက်တာဗျာ။ ခရီးသည်အိတ်တွေ ဆွဲချလိုချနဲ့ဗျာ” လို့ ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုကို ညနေ ၃ နာရီကျော်တဲ့အထိ ပြုလုပ်တာလို့လည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။

ခရီသည်ကားသမားတယောက်က “ခရီးသည်ကမှ မရှိရတဲ့အထဲ စစ်တပ်က အခုလိုလုပ်တော့ ကျနော်တို့ ခရီးသည်ကားတွေ  ဘယ်လိုမှ အဆင်မပြေဘူးလေဗျာ။ သူတို့က မှတ်ပုံတင် စစ်တယ်ဆိုရင် တော်သေးတယ်။ အခုကြတော့ ခရီးသည်တွေဆီ ငွေညှစ်တာတွေလည်း လုပ်တယ်။ ခရီးသည်တွေကို စိန်ခေါ်တာတွေပါ လုပ်တယ်။ ဘယ်လိုစိန်ခေါ်တာလဲဆိုတော့ ‘မင်းတို့လားကွ အညာသားတွေ၊ အကုန်သတ်ပစ်လို့ရတယ် ဆိုတာမျိုးတွေရော၊ ဆဲရေးတိုင်းထွာတာမျိုးတွေရော စုံနေတာပဲ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေဟာ ဒေသတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မိရိုးဖလာ တောင်သူလုပ်ငန်းကို ကောင်းမွန်စွာမလုပ်ရဘဲ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေဆီကို ကြုံရာလုပ်ငန်းလုပ်ကိုင်ဖို့ သွားရောက်တာကို စစ်တပ်က အခုလို ဖမ်းစီးငွေညှစ်နေတာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024