ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် မစိုးစိုးဖြစ်ပြီး ဒဏ်ရာရသူ ၈ ယောက်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက် ပါဝင်တယ်လို့ နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လှမ်းပစ်တဲ့ နေရာအတိအကျတော့ မသိရဘူး။ ရွာအနားက ပစ်တာလို့ပဲ သိရတယ်။ တိုက်ပွဲကလည်း ဖြစ်မထားဘူး။ ထိတဲ့ ၈ ယောက်ကလည်း အမျိုးသမီးတွေချည်းပဲ။ ယောကျ်ားလေးဆို ၂ နှစ်ခွဲကလေးတယောက်ပဲ ပါတယ်။”
ထိခိုက်ဒဏ်ရာရသူတွေထဲက ၅ ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန် ၄ ယောက်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေထံမှာပဲ ဆေးကုသမှုပေးနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆီဆုံကုန်းကျေးရွာ ဒေသခံတွေနဲ့လည်း ဒီနေ့မနက်ပိုင်းအထိ အဆက်အသွယ် မရဘူးလို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“၅ ယောက်ကတော့ ဆေးရုံးသွားပြီး တယောက်က ဆေးရုံးမှာဆုံးတာ။ ကျန်တဲ့ ၄ ယောက်က လောလောဆယ်တော့ ကျနော်တို့ ရှေ့တန်းနေရာမှာပဲ ဆေးတပ်သားလွှတ်ပြီး ကုသပေးထားတယ်။ ဒီမနက်ထိလည်း ရွာထဲကလူတွေနဲ့ အဆက်အသွယ် မရသေးဘူး။ ရှောင်နေကြရတယ်ထင်တယ်။ တခြားရွာတွေမှာတော့ ဘာမှမဖြစ်ဘူး။”
ဒါ့အပြင် ဒီဇင်ဘာ ၃ ရက် မနက် ၈ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက ဆီဆုံကုန်းကျေးရွာကို ဒရုန်းနဲ့ ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီဆုံကုန်းကျေးရွာ အနီးပတ်ဝန်းကျင် ကျေးရွာတွေပါ ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။