Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်က လူနေအိမ်များကို မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
December 2, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာ ၂ ရွာကို ဒီဇင်ဘာ ၁ ရက် မနက်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြို သတင်းအချက်အလက်ကော်မတီရဲ့ ​ပြန်ကြားရေးတာဝန်ခံတယောက်က “ရေစကြိုမြို့နယ်ထဲက ကမ်ဘဲ့ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အိမ်တွေကို မီးရှို့သွားတယ်။ သမန္တပို့တောရွာကိုလည်း လက်နက်ကြီးတွေနဲ့ပစ်လို့ လူနေအိမ်ပေါ်ကိုကျပြီး ရွာခံအမျိုးသမီး ၂ ဦး ဒဏ်ရာရသွားကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် ကမ်ဘဲ့ရွာက လူနေအိမ် ၃၃ လုံး မီးလောက်ပျက်စီးခဲ့သလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ သမန္တပို့တော ကျေးရွာက အသက် ၆ နှစ်အရွယ် မယွန်းဝတီကျော်နဲ့ အသက် ၃၂ နှစ်အရွယ် မရီရီနွယ်တို့ ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ပကဖ ပြောရေးဆိုခွင့်ရှိသူတယောက်က “တိုက်ပွဲဖြစ်တာမရှိပါဘူး၊ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက အဲဒီနေ့မနက် ၅ နာရီလောက်မှာ ကမ်ဘဲ့ရွာကို ဝင်တယ်။ အိမ်တွေကို မီးရှို့တယ်ဗျ။ အိမ် ၃၃ လုံး မီးလောင်သွားတယ်။ မနက် ၇ နာရီလောက်မှာတော့ သမန္တပို့တောရွာကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၂ ဦး ဒဏ်ရာရတယ်။ မယွန်းဝတီကျော် က တင်ပါးဆုံမှာ ဒဏ်ရာရတယ်။ မရီရီနွယ်ကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရသွားတယ်။ စိုးရိမ်ရတဲ့ အနေအထား မဟုတ်ဘူးလို့လည်း သိရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ကမ်ဘဲ့ကျေးရွာနဲ့ သမန္တပို့တောကျေးရွာတွေဟာ ရေစကြိုမြို့အနီး အနောက်တောင်ဘက်မှာ တည်ရှိပြီး အဆိုပါကျေးရွာတွေကို စစ်ကြောင်းထိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရပြီး လက်နက်ကြီးပစ်ခတ်ခံရတဲ့ ကမ်ဘဲ့ကျေးရွာနဲ့ သမန္တပို့တော ကျေးရွာတွေက ဒေသခံပြည်သူတချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း ရေစကြို သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းကလည်း ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ‌ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024