မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွာသစ်ကျေးရွာကို ဒီဇင်ဘာ ၄ ရက် မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီ တာဝန်ခံက “မနက်အစောကြီး ရွာသစ်ရွာကို သေနတ်တွေဖောက်ပြီး စစ်ကြောင်းဝင်တယ်။ နေ့လယ်ပိုင်းမှာ ညောင်ဇောက်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲနေတဲ့ ရေစကြိုမြို့တောင်ဘက်က ရွာသစ်ကျေးရွာနဲ့ ညောင်ဇောက်ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့ အင်အား ၇၀ နီးပါးရှိမယ်။ ရွာသစ်ထဲမှာ တပ်စွဲနေကြတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ မနက် ၈ နာရီလောက်မှာ ညောင်ဇောက်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာဗျ။ ပြည်သူအထိအခိုက်ရှိတယ်။ ပြီးတော့ ရွာသစ်ရွာက အိမ်တွေကိုလည်း မီးရှို့နေကြတယ်။ သူတို့စစ်ကြောင်းကလည်း ရှိနေတော့ သတင်းအတိအကျရဖို့ မလွယ်သေးတာပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက ဖြစ်ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း ရေစကြိုမြို့နယ်ထဲက ကမ်ဘဲ့ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် ၃၃ လုံး မီးလောင်ပျက်စီးခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ သမန္တပို့တောကျေးရွာက အမျိုးသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။