Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့မဈေးကြီး ပျက်စီး
DVB
·
December 6, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မဈေးကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့မဈေးကြီးပျက်စီးသွားပြီး ဆိုင်ခန်းပေါင်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးက ဒီဇင်ဘာ ၃ ရက် ည ၈ နာရီကျော်မှာ တောင်ကုတ်မြို့မဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့မဈေးကြီးက ဆိုင်ခန်းပေါင်း ၅၀ ထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ စစ်ဘေးရှောင်နေရတဲ့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

“ မြို့တွင်းမှာတော့ အရပ်သားတွေ မရှိကြဘူး။ စကခ(၅)က မပြတ်သေးတော့ မြို့ထဲကို ဝင်လို့ မရသေးဘူး။ သူတို့က စစ်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ဈေးကို တမင်လာဖျက်ဆီးတာ။ စစ်ကောင်စီက သူတို့စစ်ရှုံးရင် ပြည်သူပိုင် ပစ္စည်းဘာညာ သိတော့တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်းတွေကို ရည်ရွယ်ပြီးကို လာပစ်သွားတာ။ မြို့သားတွေရဲ့ စီးပွားရေးက အကုန်လုံး ဈေးမှာပဲ ရင်းနှီးထားကြတာ။” 

ဒါအပြင် နိုဝင်ဘာ ၂၅ ရက်ကလည်း တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က ညဈေးတန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရ ပါတယ်။

စစ်ကောင်စီက ဈေးဆိုင်တွေကို လိုက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှာသူ တယောက်က ပြောပါတယ်။

“ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်းမှာ စစ်ကောင်စီက ဈေးပေါင်း ၂၂ ခုကို တိုက်ခိုက်တာကို ကြည့်ခြင်းအားဖြင့် ပြည်သူပိုင် ပစ္စည်းတွေကို တမင်ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီဟာက စစ်ပွဲနဲ့ မဆိုင်တဲ့ ပြည်သူအကျိုးစီးပွားကို ဖျက်ဆီးတာဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စကခ(၅) ဌာနချုပ်နဲ့ ခမရ(၅၄၄)၊ ခမရ(၃၄၆)တပ်ရင်းတွေကို AA တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်းမှာ စစ်ကောင်စီက တောင်ကုတ်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့မစျေး အပါဝင် မြို့နယ်တချို့က ဈေးပေါင်း ၂၂ ခုထက် မနည်းမီးလောင်ပျက်စီးခဲတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်ကလည်း တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင်း စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး လက်ရှိမှာ တောင်ကုတ်၊ အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013