ဟားမားမြို့ကို သူပုန်တွေဆီ ဆုံးရှုံးတာက ယာယီ နည်းဗျူဟာတခုသာ ဖြစ်တယ်လို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အလီမာမွဒ်အက်ဘာ့စ်က ဒီဇင်ဘာ ၅ ရက်က နိုင်ငံပိုင် ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
သူ့တပ်ဖွဲ့တွေကို ဟားမားမြို့တဝိုက်မှာ နေရာချထားပြီး နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အပြည့်အဝ ပြင်ဆင်ထားပြီး အဆင်သင့်လည်း ဖြစ်နေပါပြီလို့ ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက်က ဆီးရီးယားသူပုန်တွေဟာ ဟားမားမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို တပတ်ကြာ လျှပ်တပြက်ချီတက် တိုက်ခိုက်မှုမှာ အဓိက အောင်ပွဲလည်းဖြစ်ပြီး သမ္မတ ဘာရှားအယ်လ်အာဆတ်နဲ့ သူ့ရဲ့ ရုရှားနဲ့ အီရန် မဟာမိတ်တွေအတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်အသစ်တခု ဖြစ်ပါတယ်။
သူပုန်တွေဟာ အာဆတ်ကို ပုန်ကန်တဲ့အနေနဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက ပြည်တွင်းစစ်ထဲကို ရောက်သွားခဲ့ရပြီး ရှေ့တန်းနေရာတွေမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးနောက်မှာ အမြန်ဆန်ဆုံးနှုန်းနဲ့ စစ်မြေပြင်ကို ချီတက်လာကြတာပါ။
ဟားမားမြို့ကို သိမ်းပိုက်လိုက်တာဟာ သူတို့ အရင်က သိမ်းယူခြင်းမပြုခဲ့တဲ့ ဗျူဟာမြောက် အချက်အချာကျတဲ့ မြို့တမြို့ကို ထိန်းချုပ်နိုင်လိုက်တာလည်း ဖြစ်ပါတယ်။
ဆီးရီးယားစစ်တပ်ကတော့ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်မှာ အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ မြို့ပြတိုက်ပွဲတွေကို တားဆီးဖို့အတွက် မြို့ပြင်မှာ ပြန်လည် တပ်ဖြန့်ချထားကြောင်း ပြောကြားခဲ့ပါတယ်။
ဆီးရီးယားသူပုန်တွေဟာ ဒီဇင်ဘာ ၅ ရက်က ဟားမားမြို့ကို သိမ်းပိုက်လိုက်ပြီးနောက်မှာ ဟားမား အကျဉ်းထောင်က အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ဟားမားရှိ သူပုန်တွေရဲ့ အကျဉ်းသားတွေကို လွှတ်ပေးနေပုံကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ဆီးရီးယားသူပုန်တွေက အတည်ပြုခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ အမည်မသိ အကျဉ်းသားတယောက်က အကျဉ်းထောင်ထဲမှာ လူပေါင်း ၁,၅၀၀ လောက်ရှိပြီး တခန်းကို လူ ၅၀၀ စီ နေရကြောင်းနဲ့ လူတွေကို သူတို့ဆက်ဆံပုံမျိုးနဲ့ ဘုရားသခင်က သူတို့ကို ပြန်အပြစ်ပေးပါစေလို့ ပြောသွားပါတယ်။
သူပုန်တွေဟာ တောင်ဘက် ဟွမ်းစ်မြို့ကို ချီတက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပြီး ဟွမ်းစ်မြို့ဟာ မြောက်ဘက်မှာ ဒမတ်စကတ်မြို့တော်နဲ့ ကမ်းရိုးတန်းကို ဆက်သွယ်ပေးတဲ့ အဓိက လမ်းဆုံမြို့ ဖြစ်ပါတယ်။
“မင်းတို့အချိန် ရောက်လာပြီ” လို့ တော်လှန်ရေးစကားပြောခန်း အွန်လိုင်းပို့စ်တခုမှာလည်း ဟွမ်းစ်မြို့ခံတွေကို တော်လှန်ဖို့ တောင်းဆိုထားပါတယ်။
Source : Reuters