ဆီးရီးယား တော်လှန်ရေးတပ်တွေဟာ ဟားမားမြို့ကို သိမ်းပိုက်လိုက်ပြီး မြောက်ပိုင်းဒေသတလျှောက် တပတ်အတွင်း လျှပ်တပြက် ချီတက်မှုမှာ အကြီးဆုံးအောင်ပွဲ ရရှိနေပါတယ်။
ဒါဟာ ရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေက ဒုတိယမြောက် အဓိကမြို့ကြီးတမြို့ကို ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့လို့ သတ်မှတ်ခံရတဲ့ ဟာယက် တာဟ်ရီး အယ်လ်ရှမ် (HTS) အဖွဲ့က အခုထိုးစစ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။
HTS ခေါင်းဆောင် အဘူမိုဟာမက် အယ်လ်ဂျော်လာနီက ဟားမားမြို့မှာ “အောင်ပွဲ” ရပြီလို့ ကြေညာပြီး “လက်တုံ့ပြန်မှုတွေ ရှိမှာမဟုတ်ဘူး” လို့ ကတိပြုခဲ့ပါတယ်။
ဆီးရီးယားစစ်တပ်က “အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့နဲ့ မြို့တွင်းတိုက်ပွဲတွေကို ရှောင်ရှားဖို့” မြို့ပြင်ကို ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေကို ဂုဏ်ပြုသေနတ်ဖောက်သံတွေနဲ့အတူ ညနေခင်းထိ ဟားမားမြို့ထဲ ချီတက်နေတာကို တီဗီမှာ တွေ့ခဲ့ရပါတယ်။
တခြား ဗီဒီယိုတွေမှာ တော်လှန်ရေးတပ်တွေ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေ မြို့အကျဉ်းထောင်ကနေ ပြေးထွက်လာတာကို တွေ့ရပါတယ်။
လူဦးရေ တသန်းရှိတဲ့ ဟားမားမြို့ဟာ တော်လှန်ရေးတပ်တွေက အမှတ်မထင် ထိုးစစ်ဆင်ပြီး လွန်ခဲ့တဲ့အပတ်က သိမ်းပိုက်လိုက်တဲ့ အလက်ပိုမြို့ရဲ့ တောင်ဘက် ၁၁၀ ကီလိုမီတာ (၇၀ မိုင်) အကွာမှာ တည်ရှိပါတယ်။
HTS ခေါင်းဆောင်က အလက်ပိုကနေ ဒမတ်စကတ်စ်ဆီသွားတဲ့ အဓိကလမ်းမကြီးပေါ်က နောက်ထပ် တောင်ဘက်မြို့တမြို့ဖြစ်တဲ့ ဟွမ်းစ်မြို့သားတွေကို “မင်းတို့အလှည့်ရောက်ပြီ” လို့ ပြောခဲ့ပါတယ်။
အရင်တုန်းက သမ္မတအာဆတ်ဟာ သူ့ရဲ့ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ ရုရှားနဲ့ အီရန်ကို အားကိုးခဲ့ပါတယ်။
ဒါပေမဲ့ မဟာမိတ် ၂ ယောက်စလုံးက သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေနဲ့ လက်ရှိအချိန်မှာ အလုပ်ရှုပ်နေတဲ့အတွက် သူ့အစိုးရရဲ့ အသက်ရှင်ရေးကို ခြိမ်းခြောက်နိုင်တဲ့ ထိုးစစ်ကို သူက ဘယ်လိုရပ်တန့်နိုင်မလဲ၊ ဒါမှမဟုတ် ရပ်တန့်နိုင်ပါ့မလား ဆိုတာ မရှင်းလင်းသေးပါဘူး။
ရုရှားတိုက်လေယာဉ်တွေက သူပုန်ထိန်းချုပ်နယ်မြေတွေကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး အီရန်ထောက်ခံတဲ့ စစ်သွေးကြွတပ်ဖွဲ့တွေက အစိုးရရဲ့ ကာကွယ်ရေးတန်းတွေမှာ တိုက်ခိုက်ရေးသမားတွေ အားဖြည့်ပေးထားပါတယ်။
အီရန်ကလည်း တောင်းဆိုလာရင် ဆီးရီးယားကို တပ်အင်အားတွေ ထပ်ပို့ဖို့ အဆင်သင့်ရှိတယ်လို့ ပြောထားပါတယ်။
ငြိမ်းချမ်းတဲ့ ဒီမိုကရေစီဆန္ဒပြပွဲတွေကို အာဆတ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြီးနောက် ၂၀၁၁ ခုနှစ်မှာ ပြည်တွင်းစစ် ပေါ်ပေါက်လာကတည်းက လူပေါင်း ၅ သိန်းကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
Source : Reuters