စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ ဒီဇင်ဘာ ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ပစ်ခတ်မှုဖြစ်ပွားပြီး တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ပကဖ ရဲဘော်တယောက် ကျဆုံးကာ ဒဏ်ရာရရှိခဲ့ကြသူတွေ ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်ကလည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက “ခင်ဦးမြို့ ဆေးရုံမှာ တပ်စွဲနေတဲ့ စစ်သားတွေက သံပြားကာကားနဲ့ စျေးဝယ်ထွက်လာတာကို တော်လှန်ရေးအဖွဲ့တွေက လမ်းကနေစောင့်ပြီး ပစ်ခတ်ခဲ့ရင်း နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို မြို့ပေါ် UG အဖွဲ့နဲ့အတူ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) တာဝန်ခံက “အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၃ ယောက် ဒဏ်ရာရတယ်လို့ သိထားရတယ်။ သေမသေ ဆိုတာတော့ မသိရသေးဘူး။ ပစ်ခတ်မှုဖြစ်နေချိန် သူတို့ဆေးရုံထဲမှာ ကျန်နေတဲ့ကောင်တွေက လက်နက်ကြီး ပစ်ကူပေးတယ်။ အဲဒီကပစ်လိုက်တဲ့ ၆၀ မမလက်နက်ကြီးက ကျနော်တို့တွေ စုနေကြတဲ့နေရာနား ကျလာလို့ ကျနော်တို့ဘက်က ရဲဘော်တယောက်ကတော့ နေရာမှာတင် ဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၅ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြပြီး အဲဒီထဲက ရဲဘော် ၃ ယောက်က ရတဲ့ဒဏ်ရာ ပြင်းကြလို့ အထူးကြပ်မတ်ပြီး ဆေးကုပေးနေကြပါတယ်။
လက်နက်ကြီးထိမှန်လို့ ကျဆုံးသွားသူဟာ ရပ်ကျေး ပကဖ တပ်ဖွဲ့ဝင် ရဲဘော်နွေဦး ဖြစ်ပြီး သူ့ရဲ့စျာပနကိုတော့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ မီးသဂြိုဟ်ပေးခဲ့ပါတယ်။