မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဒီဇင်ဘာ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေ ၇ ယောက်လောက် ရှိသလို တယောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။
အဆိုပါတိုက်ပွဲအတွင်း စစ်သုံ့ပန်းတယောက်ကို အရှင်ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၇ လောင်းနီးပါး တွေ့ရှိခဲ့တယ်လို့လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
“မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းက မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့ ထိန်းချုပ်စိုးမိုးထားတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းနဲ့ပဲ မနေ့က (ဒီဇင်ဘာ ၃ ရက်နေ့) တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ အဲဒီစစ်ကြောင်းက မတ္တရာမြို့ထဲကို ပြန်ဆုတ်သွားပါတယ်။”
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ဖြစ်ကြတဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားပြီး ထိုးစစ်ဆင်နေပေမဲ့ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။