စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း TNLA က ထုတ်ပြန်အပြီး စစ်ကောင်စီက တန်ပြန်ထိုးစစ် လုပ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းမပေါ်၊ သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တွင်းငယ်ကျေးရွာတခုလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ဩဂုတ် ၁၇ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် တတက ၁၃ ကိုလည်း ဝိုင်းရံပိတ်ဆို့ထားတာ ၃ လဝန်းကျင်အထိ ကြာမြင့်နေပါပြီ။
PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က “အိမ်နီးချင်းနိုင်ငံတွေက စစ်တိုက်တာကိုရပ်ဖို့ ဖိအားပေးတာရယ်ရော၊ အဲအချိန်မှာ တအာင်းဘက်က သူတို့ ထိုးစစ်မဆင်ဘူးပေါ့နော်။ ဝိုင်းရုံပဲ ဝိုင်းထားတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီဘက်က ထိုးစစ်တွေ ပြန်ထိုးလာတာပေါ့နော်။ ပြန်ထိုးလာတော့ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ အရင်လည်း အဲ ၃ လအတွင်းမှာ ကြိုးကြားကြိုးကြားတော့ ဖြစ်နေတာတွေရှိတယ်။ အခုရက်ပိုင်းတွေမှာတော့ ပိုပြီး ပြင်းလာတာပေါ့နော်” လို့ ပြောပါတယ်။
ကချင်နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ သပိတ်ကျဉ်းမှာ စစ်ကောင်စီရဲ့ တတက ၁၃ ဘက်က လေကြောင်းပစ်ကူနဲ့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး ၇ မိုင်ဘက်နဲ့ ကျောက်ကြီးဘက်တွေမှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂၅ ရက်မှာ သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာထားပေမဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တတက ၁၃၊ သိပ္ပံနဲ့ နည်းပညာတပ် သနတ-၁ အပါအဝင် တပ်စခန်းတွေ ကျန်နေသေးတာ ဖြစ်ပါတယ်။
စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “တွင်းငယ်ကိုသာ ရလိုက်ပြီဆိုရင် မိုးကုတ်နဲ့ သပိတ်ကျဉ်းအတွက် လမ်းပွင့်သွားမှာ ဖြစ်တယ်ပေါ့နော်၊ တောက်လျှောက် ပွင့်သွားမှာပေါ့။ အခုဆိုရင် စုပြုံလာတဲ့တပ်တွေက ဒီသပိတ်ကျဉ်းဘက်မှာပဲ သွားပြီး စုလာတဲ့ သဘောပေါ့နော်။ အဲဒီကနေမှတဆင့် သပိတ်ကျဉ်းကို အကုန်လုံးရသွားပြီဆိုရင် စဉ့်ကူး၊ မတ္တရာဘက်အထိ ဒါ ပြန်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်လာနိုင်မယ့် သဘောမျိုးပေါ့နော်။ အဲဒါကြောင့် လက်ကျန်ဖြစ်တဲ့ တွင်းငယ်ရော၊ သပိတ်ကျဉ်းရောက တိုက်စစ်ဆင်သူအဖို့ရော၊ ခံစစ်ဆင်သူအဖို့ရော အရေးပါတဲ့ အချက်အခြာမြေနေရာလို့ ပြောရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း မန္တလေး-PDF နဲ့ တပ်ပေါင်းစုတွေဟာ သပိတ်ကျင်းမြို့နဲ့ မိုင် ၄၀ ဝန်းကျင်အကွာက စဉ့်ကူးနဲ့ တကောင်းမြို့တွေကို သိမ်းပိုက်ထားပြီး သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း ၉ ခုကိုလည်း သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ TNLA က ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီက ဗုံးကြဲလို့ နိုဝင်ဘာတလတည်းမှာတင် နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့တွေက ဒေသခံ ၃၈ ယောက် သေဆုံးကာ အယောက် ၇၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
စိုးသူအောင်