ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြို့နဲ့ပိုပိုနီးကပ်လာပြီး ဒီဇင်ဘာ ၄ ရက်ဒီနေ့မှာ ဂွမြို့ကို ကားနဲ့ မိနစ် ၂၀ ဝန်းကျင်လောက်သာသွားရတဲ့ ရွာတွေနားအထိ ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်က ရွာသစ်ကုန်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး တင်းတောဘက်မှာလည်း စစ်သားတွေ ထွက်ပြေးလာတာကိုမြင်ရကာ ဒီဇင်ဘာ ၄ ရက် မှာတော့ လက်နက်ကြီးသံတွေ ဆူညံနေတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အနားကပ်နေပြီ။ ကျမတို့တောင် ရှောင်ပေးရမလား မသိတော့ဘူး။ အခုဟာကလေ ကျောက်ကြီးအနောက်ဘက်ကလေးရယ်။ ကိုင်းတောကွင်း ကျောက်ကြီးအနောက်ဘက်၊ အဲဒီကို ကျောက်ကြီးကနေ လှမ်းလှမ်းပြီးတော့ထုနေတယ်။ တဘက်ကတော့ ဘာသံမှမကြားမိဘူး။ တဘက်ကတော့ လေယာဉ်နဲ့လည်း ကြဲတယ်။ အမြောက်တွေနဲ့လည်း ပစ်နေတယ်။ မနက်ပိုင်း ၁၀ နာရီကျော်ကျော်လောက်ကတော့ ကိုင်းတောကွင်း အဲဒီဘက်တွေ ကြဲတယ်။ အဲတာပြီးတော့ နောက်လေယာဉ်တစီးက ကျောက်ကြီး ပုဇွန်ကန်ဖက် နောက်ကျောပေါ့။ လူပုန်းကွင်း အဲဒီတည့်တည့်ကိုကြဲတယ်။”
စစ်တပ်က သံတွဲ-ဂွလမ်းမကြီးကနေတဆင့် သံချပ်ကာတင့်နဲ့ စစ်ကားတွေပို့နေသလို လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေချထားပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ရဲ့ စစ်ရှောင်စခန်းမှာတင် လူဦးရေ ၂,၀၀၀ အထိရှိကာ၊ လက်နက်ကြီးလွတ် ကင်းမယ် ထင်တဲ့နေရာတွေမှာ ကိုယ့်အစီအစဉ်နဲ့ တဲထိုးနေကြသူလည်း ထောင်နဲ့ချီရှိနေပါတယ်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ နိုင်အောင်လင်းက “ ထပ်ပြီးတော့ ပိုပြီးတော့ တိုးလာဖို့လည်း ရှိသေးတယ်။ လက်ရှိမှာတိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတာဆိုတော့လေ။ စစ်ဘေးရှောင်တွေအတွက် လိုအပ်တာကတော့ ဒီစားနပ်ရိက္ခာ၊ ဆေးဝါးပေါ့။ ပြီးတော့စစ်ဘေး ရှောင်တွေမှာအရေးပေါ်ရှောင်တိမ်းလာတာ ဆိုတော့ စောင်တို့ ခေါင်းအုံးတို့ပေါ့ ဒီလိုမျိုးပစ္စည်းတွေလည်း မပါတဲ့အခါကျတော့ အခုချိန်အခါက ဆောင်းတွင်း ကာလလည်းဖြစ်တဲ့ အခါကြတော့ ဒီတချို့သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ဆိုလို့ရှိရင်လည်း ကျန်းမာရေးမကောင်းတဲ့သူတွေ တော်တော်များကြပါတယ် ”လို့ ပြောပါတယ်။
တပ်မြေပုံစာရင်းအရ ဂွမြို့နယ်မှာ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်တွေအခြေစိုက်ပေမဲ့ စစ်တပ်က ဧရာဝတီတိုင်းဘက်ကနေ တပ်အင်အားအလုံးအရင်းနဲ့ ပို့ဆောင်ခံစစ်ပြင်နေတာဖြစ်ပါတယ်။
ဒါအတူစစ်တပ်က ဂွမြို့နယ်ထဲမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားသလို အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့်မပြုတာကြောင့် ဒေသခံနဲ့ စစ်ရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
စိုးသူအောင်