ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက လင်ဖုံလေးတိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၅ ယောက်ကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာတွေကို ဆေးဝါးကုသမှု ပေးခဲ့တယ်လို့ ဆေးကုသပေးခဲ့တဲ့ CDM ဆရာဝန်တယောက်က ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှိရာနေရာတွေကို လေကြောင်းကနေတဆင့် တိုက်ခိုက်ကာ ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲပေမဲ့ တော်လှန်ရေး အင်အားစုကတော့ ဖမ်းဆီးရမိသူတွေကို ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
ဆေးကုသပေးခဲ့တဲ့ CDM ဆရာဝန်က “စစ်သုံ့ပန်းဖြစ်သွားတော့ ဘာပဲပြောပြော လူနာလို့ပဲ စိတ်ထဲမှာ သဘောထားပြီး အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကုပေးလိုက်ပါတယ်။ သူတို့(စစ်ကောင်စီတပ်)က ကျနော်တို့ပြည်သူတွေကို လူလို့ မသတ်မှတ်ဘဲ ရမ်းကားခဲ့ပေမဲ့ ကျနော်တို့က လူတွေလို့ပဲ သဘောထားပြီး ရှိတဲ့ဆေးဝါးနဲ့ ကုပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ အများကြီးမတွေးဘဲ ကုသပေးပါတယ်” လို့ ပြောပါတယ်။
ခုလက်ရှိ ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေကို ရိုက်နှက်တာတွေ မပြုလုပ်ဘဲ ကောင်းမွန်စွာ ထားရှိတယ်လို့ သိရပြီး သုံ့ပန်းတွေထဲမှာ မဲပေါက်လို့ စစ်မှုထမ်းရသူတွေနဲ့ ပေါ်တာဆွဲခံရတာကြောင့် ရှေ့တန်းရောက်လာသူတွေ ပါသလို လိမ်ပြီး အခေါ်ခံရတာတွေလည်း ရှိတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက် ဗီဒီယိုကတဆင့် သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်က စတဲ့ လင်ဖုံလေးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ ကျော် သေဆုံးပြီး လက်နက် ၂၅ လက်နဲ့အတူ ခဲယမ်းတွေလည်း သိမ်းဆည်းရမိကာ စစ်ကောင်စီဘက်က အထိနာတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။