မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာက တိုက်ပွဲတွင်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတယောက် သေဆုံးပြီး စစ်ကောင်စီဘက်က ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက် မနက် ၈ နာရီဝန်းကျင်က အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြောက်ခင်ရန်းရွာအတိုင်း စစ်ကြောင်း ၂ ကြောင်းခွဲကာ သင်တောရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ရာကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခတ်မှုတွေ ရှိခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မြောက်ခင်ရန်းရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ တောင်ခင်ရန်းရွာက အသက် ၇၀ ဝန်းကျင်အရွယ် ဒေသခံ ဦးဝင်းလွင်ဟာ ခြေထောက်ကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကိုမောင်မောင်စိုးက ပြောပါတယ်။
“မနက် ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ အပြန်အလှန်ထုကြတယ်။ ဒရုန်းတွေနဲ့ အပြန်အလှန် ချကြတယ်။ အနီးကပ်ဆိုပေမဲ့ လက်နက်ငယ် တလှမ်းလည်း မရောက်ဘူးပေါ့ဗျာ။ သူတို့(စစ်ကောင်စီ)ဘက်က ၆၀/၈၀/၁၂၀ မမတွေနဲ့ မီးကုန်ယမ်းကုန် ပတ်ပြီးတော့ ထုတယ်။ ဒီဘက် (PDF) ကလည်း လုပ်လက်စိန်ပြောင်းတွေနဲ့ ပစ်ကြတယ်ပေါ့။ ကျနော်တို့ဘက်က ရဲဘော်အားလုံး ထိခိုက်မှုမရှိဘူး။ သူတို့ဘက်က ၂ ယောက် ခါးအောက်ပိုင်းမှာ ထိခိုက်ပြီး ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်လို့ တောင်ခင်ရန်းပြည်သူတဦး သေတယ်။ မိသားစုဝင်တွေ ထိခိုက်တာတော့မရှိဘူး။”
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ဂန့်ဂေါနယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပုံရှိပြီး ဒေသခံတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းသတင်းတွေကို နားစွင့်တာနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စစ်ကြောင်းသတင်းနဲ့ ပတ်သက်တာတွေကို လိုက်နာကြဖို့ ဂန့်ဂေါပကဖ တာဝန်ခံက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဂန့်ဂေါမြို့နယ် စိုင်ဒူးရွာက မအိအိဖြူဟာ ဘယ်ဘက်ပေါင်မှာ လက်နက်ကြီးထိမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စာရင်းပြုစုချက်အရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့နယ်မှာ အောက်တိုဘာလအတွင်း ဒေသခံ ၃ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဒီဇင်ဘာ ၃ ရက်အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူပေါင်း ၆,၀၀၇ ယောက် ရှိတယ်လို့ သိရပါတယ်။