Home
မြန်မာသတင်း
တပ်မတော်သားများအတွက် နောက်ဆုံးအချက်ပေးခေါင်း‌လောင်းထိုးချိန် ရောက်နေဟု NUG သတိပေး
DVB
·
December 4, 2024

အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ဒီကနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေအတွက် အခုအချိန်ကာလဟာ နောက်ဆုံးအချက်ပေး ခေါင်း‌လောင်းထိုးနေတဲ့အချိန် ဖြစ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလို ပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က “အခုဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) မှ တရားလို ရှေ့နေတဦးက မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်သမား မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတယ် ဆိုတဲ့ကိစ္စဟာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်တော့ ယိုင်နဲ့နေတဲ့ စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတခုအနေနဲ့ အသုံးပြု လှုပ်ရှားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နိုဝင်ဘာ ၃၀ ရက်နေ့က မဟာမိတ် တိုင်းရင်းသားတွေနဲ့ ကျနော်တို့ အတူတကွ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တာ အင်မတန် ကောင်းမွန်ပါတယ်။ ကြေညာချက်ထဲမှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ရှိခဲ့ပေမဲ့ ဒီလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခံရတာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော် အမြဲပြောခဲ့သလို ဒီတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင် အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးဆိုတဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ အနီးဆုံးဖြစ်နေပြီဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ယနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနဲ့အတူ ရှေ့ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလား ဆိုတာ သေသေချာချာ စဥ်းစားကြရတော့မယ့် အချိန်ဖြစ်ပြီး နောက်ဆုံးအချက်ပေး ခေါင်း‌လောင်းထိုးနေတဲ့အချိန်ဖြစ်ကြောင်း သတိပေး ပြောကြားလိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို အပြီးသတ် အောင်ပွဲဝင်နိုင်ဖို့ ဘက်ပေါင်းစုံက စဥ်းစားလုပ်ဆောင်ကြရသလို အစိုးရတရပ်အနေနဲ့လည်း ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့ ကဏ္ဍတွေနဲ့ အကာအကွယ်ပေးနိုင်ဖို့ ကဏ္ဍတွေကို တပြိုင်နက် စီမံ လုပ်ဆောင်ကြရတာမို့ တကယ့်ကို ပင်ပန်းခက်ခဲစွာ ရုန်းကန်နေကြရတဲ့ အစိုးရပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဝန်ကြီးများ ပုံမှန်တွေ့ဆုံကြတဲ့ အစည်းအဝေးတွေမှာ မိမိတို့ရဲ့ အားသာချက်တွေကနေ တော်လှန်ရေးအရွေ့အတွက် အသုံးပြုနိုင်အောင် ကြိုးပမ်းကြဖို့နဲ့ မိမိတို့ရဲ့ အားနည်းချက်တွေကို အချိန်မီ ပြန်လည်သုံးသပ် ဖြည့်ဆည်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က “နဂိုတည်းက တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးပမ်းနေတဲ့၊ ပြည်သူတွေကို ရန်သူသဖွယ် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားဝင်မှုမရှိဘူးလို့ ပြောခဲ့ကြပြီးသား ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီလိုမျိုး ရာဇဝတ်မှုတရားခံအဖြစ် ဖမ်းဝရမ်း ထုတ်ခံရမယ့် အကြမ်းဖက်စစ်ခေါင်းဆောင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်း အမျိုးမျိုးနဲ့ ထောက်ပံ့ကူညီဖို့ လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အင်မတန် သတိထားကြရမယ့် အခြေအနေ ဖြစ်လာပြီလို့ ပြောကြားလိုပါတယ်။ ကျနော်တို့အနေနဲ့ ဒီကာလတွေအတွင်းမှာတော့ အစိုးရအဖွဲ့အတွင်း ပိုမိုအားကောင်းစေရေးအတွက် တောက်လျှောက် ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ ဘာ့ကြောင့် အစိုးရအဖွဲ့ အားကောင်းဖို့ လိုတာလည်းဆိုရင် တော်လှန်ရေးရဲ့ အရွေ့ကို ဦးဆောင်မယ့် အစိုးရ အားကောင်းပါမှ တော်လှန်ရေးအတွက် အကျိုးများနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ချိန်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အမှုအတွက် ICC က စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲအရာရှိချုပ်က အဲဒီကျူးလွန်မှုတွေရဲ့ အဓိကတရားခံဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တာကြောင့် ICC တရားရုံးရဲ့ ဆောင်ရွက်မှုတွေကို လက်ခံဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဘက်ကတော့ ICC တရားရုံးဘက်က အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုသလို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဘက်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်နိုင်ရေးအတွက် ICC တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013