Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ဒေသန္တရအမိန့်ဖောက်ဖျက်သူများကို စစ်မှုထမ်းအတွက် ဖမ်းဆီးရန် ညွှန်ကြား
DVB
·
December 4, 2024

မွန်ပြည်နယ်မှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးနင်းမှု အပါအဝင် ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်းမှာ တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းသင်တန်းတွေကို ခပ်စိပ်စိပ် ခေါ်ယူနေပါတယ်။

စစ်မှုထမ်းစုဆောင်းရာမှာ အရင်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ငွေကြေးပေးပြီး အစားထိုးအသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်သား စုဆောင်းလို့မရတဲ့အတွက် ရတဲ့နည်းလမ်းတွေနဲ့ စစ်မှုထမ်း စစ်သားစုဆောင်းဖို့  ညွှန်ကြားထားတာပါ။

အဲဒီထဲမှာ အမျိုးသား ၂ ယောက် ဆိုင်ကယ်အတူစီးနင်းမှုအပါအဝင် ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်တွေဆီ ချက်ချင်းပို့ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက DVB ကို ပြောပါတယ်။

လက်ရှိမှာလည်း စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ သင်တန်းဖွင့်လှစ်ထားတဲ့ မွန်ပြည်နယ် စစ်ကောင်စီဟာ လာမယ့်အပတ်စဉ်တွေအတွက်လည်း စစ်မှုထမ်းရရှိရေး ကြိုးပမ်းနေပါတယ်။

အခုရက်ပိုင်းအတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးဖို့ ညွှန်ကြားပြီးနောက် မွန်ပြည်နယ်မှာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသူ ၅၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

ညအချိန် အပြင်ထွက်သွားလာသူတွေ၊ အရက်သေစာ သောက်စားထားသူတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်မှုထမ်းအဖြစ် အဓိက ပစ်မှတ်ထား ဖမ်းဆီးနေတာလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ဒေသတွင်းက စစ်မှုထမ်း အမည်စာရင်းပါရှိတဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးတာ၊ စစ်မှုထမ်း အမည်စာရင်းပါရှိပြီးမှ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၆၈ ခုရှိတဲ့ မွန်ပြည်နယ်မှာတော့  စစ်မှုထမ်းအပတ်စဉ်တခုကို တရွာ တယောက်နှုန်း စစ်မှုထမ်းပေးဖို့ ညွှန်ကြားထားပြီး မပေးနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေအပေါ် ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း က ပြောပါတယ်။

DVB က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ စစ်သားစုဆောင်းခံရသူ ၁၆၀၀ ထက်မနည်း ရှိနေပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၅ အထိ စစ်သားစုဆောင်းခံရသူ ၂၁၀၀၀ ထက်မနည်း ရှိနေပြီး အဲဒီထဲမှာ သင်တန်းဆင်းတပ်သား ၁၃၀၀၀ ကျော် ရှေ့တန်းပို့ခံထားရတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013