ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အရပ်သားတွေဆီကနေ စစ်မှုထမ်းလူအစားထိုးကြေးငွေ ကောက်ယူထားပေမဲ့ စစ်မှုထမ်း သတ်မှတ်လူအင်အား မပြည့်လို့ဆိုပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဇီးဖြူကျွန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဝင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းဌေး၊ မျိုးလွင်၊ စိုးမင်းသန်းတို့က စစ်မှုမထမ်းလိုပါက ငွေပေးရမယ်ဆိုပြီး တအိမ် ကျပ် ၆၀,၀၀၀ အထိ ကောက်ယူခဲ့ပါတယ်။
ဒီဇင်ဘာလမှာ စစ်မှုထမ်းအပတ်စဉ် ၇ နဲ့ ၈ အတွက် လူလိုတာကြောင့်ဆိုပြီး ငွေပေးထားတဲ့ အိမ်ထောင်စုတချို့က လူငယ်တွေကို ဖမ်းဆီးပြီး ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတယောက်က “သတ်မှတ်လူဦးရေ မပြည့်မီလို့ဆိုပြီး ခေါ်တာတဲ့။ စစ်မှုမထမ်းရဖို့ အုပ်ကြီးဆီ ပိုက်ဆံထည့်ထားတာ။ ပိုက်ဆံထည့်ထားတော့လည်း ဖမ်းခေါ်ခံရတာပဲ။ အုပ်ကြီးနဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေက အိမ်တွေအထိ လာဖမ်းခေါ်ခဲ့တာ။ ဒီက တပ်ရင်းကို ဖမ်းခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဝင်းက စစ်မှုထမ်း အစားထိုးဖို့ ငွေကောက်ယူထားတဲ့ ကျေးရွာတွေထဲကနေ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ လူငယ် ၇ ယောက်အထိ ဖမ်းခေါ်ကာ ဓနုဖြူ ခြေမြန်တပ်ရင်း ခမရ ၁၀၈ တပ်ထဲ ပို့ထားတယ်လို့ သိရပါတယ်။
တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်း အစားထိုးဖို့ ငွေကောက်တယ်ဆို ဘယ်သူကောက်ကောက် ပြည်သူတွေက ကိုယ့်ဆင်ခြင်တုံတရားနဲ့ ကိုယ် သုံးသပ်ရမှာပါ။ စစ်မှုမထမ်းရဖို့ဆိုပြီး ငွေထည့်ပေးလို့ မရပါဘူး။ အုပ်ချုပ်ရေးမှူးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သူတို့နည်း သူတို့ဟန်နဲ့ လုပ်ပေးထားလို့ ရှောင်လို့ ရချင်ရမယ်။ စစ်မှုက မဖြစ်မနေ ထမ်းကို ထမ်းရမှာ” လို့ ပြောပါတယ်။
ညောင်တုန်းမြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းကာ စစ်မှုထမ်း လူအစားထိုးကြေး ကောက်တာ၊ ထောက်ပံ့ကြေးလို့ လိမ်လည်ကောက်ယူတာ၊ စစ်မှုထမ်း အစည်းအဝေးအတွက် လမ်းစရိတ်လို့ ခေါင်းစဉ်တပ် ဖိအားပေး ခြိမ်းခြောက် ကောက်ယူနေတယ်လို့ သိရပါတယ်။