Home
မြန်မာသတင်း
ဖျာပုံတွင် စစ်မှုထမ်းလူငှားထည့်ရန် ငွေကောက်ယူပြီးမှ စစ်မှုထမ်းအခေါ်ခံရမှုများ ရှိနေ
DVB
·
December 2, 2024

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ ရပ်ကွက်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုမထမ်းရဖို့အတွက်ဆိုပြီး အရပ်သားတွေဆီက စစ်မှုထမ်းအစားထိုးကြေး ငွေကောက်ယူပြီးနောက် မဲပေါက်တယ်လို့ဆိုကာ လူငယ်တချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေလို့ ဒေသခံတွေနဲ့ အငြင်းပွားနေတယ်လို့ သိရပါတယ်။

ဖျာပုံမြို့၊ အမှတ် ၈ ရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ နိုဝင်ဘာ ပထမအပတ် စစ်မှုထမ်း လူငှားအစားထိုးထည့်ဖို့အတွက် တအိမ် ကျပ် ၅၀,၀၀၀ အထိ ကောက်ယူခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်က စတင်ကာ စစ်မှုထမ်းမဲပေါက်တယ် ဆိုပြီး ငွေကောက်ယူထားတဲ့ ရပ်ကွက်ထဲက လူငယ်တချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတာလို့ သိရပါတယ်။

ဒေသခံတယောက်က “အုပ်ကြီးက ငွေထည့်ပေးရင် စစ်မှုထမ်းလိုက်စရာ မလိုဘူးပေါ့ ပြောပြီး ငွေကောက်တာ။ အစားထိုးထည့်ပေးမယ်၊ ငွေသာထည့်ပေးဆိုလို့ ထည့်ကြတာ။ အခုကျတော့ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ရပ်ကွက်ထဲက လူငယ်တွေကို တပ်နဲ့လာခေါ်သွားတာ။ နိုဝင်ဘာ ၂၀ ရက်နေ့က ၂ ယောက်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ၂ ယောက်။ သွားပြောတော့ လာမပြောနဲ့၊ အကုန်ဖမ်းလို့ရတယ်ပြောတာ” လို့ ပြောပါတယ်။

အမှတ် ၈ ရပ်ကွက် အပါအဝင် အုပ်ချုပ်ရေးမှူးက ငွေကောက်ယူထားတဲ့ ရပ်ကွက်တချို့က အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ် လူငယ် ၄ ယောက်ကို စစ်မှုထမ်းဖို့ မဲပေါက်တယ် ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က တာဝန်ရှိသူတယောက်က “စစ်မှုထမ်းဖို့ လူအစားထိုးတယ်ဆိုတာ တရားမဝင်ပါဘူး။ ဥပဒေမှာလည်း ပြဋ္ဌာန်းမထားပါဘူး။ လုပ်ပိုင်ခွင့်လည်း မပေးထားပါဘူး။ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတိုင်း စစ်မှု မဖြစ်မနေကို ထမ်းရမှာပါ။ ဒီလိုဖြစ်စဉ်တွေရှိတယ်လို့ ကြားသိနေရပါတယ်။ အရေးယူနေတာလည်း ရှိပါတယ်။ ဆက်လက် စစ်ဆေး အရေးယူသွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်ကလည်း စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အတင်းအဓမ္မ ငွေကောက်ယူခဲ့တဲ့ ဖျာပုံမြို့နယ် ကြက်ဖမွှေးစောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်ကို ဒေသခံတွေက တိုင်ကြားမှုကြောင့် ခရိုင်နဲ့ တိုင်းအဆင့်က စစ်ဆေးပြီး ရာထူးကနေ ဖယ်ရှား ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013