Home
မြန်မာသတင်း
တောင်ကြီးမြို့တွင် နိုဝင်ဘာလအတွင်း အရပ်သား ၁၅၀ ခန့် ဖမ်းဆီးခံရ
DVB
·
December 1, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု နိုဝင်ဘာလအတွင်း စစ်ကောင်စီက အရပ်သား ၁၅၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းခေါ်တာဖြစ်နိုင်ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာလည်း စုံစမ်းလို့မရဘဲ တချို့ကတော့ စစ်သင်တန်းမှာရောက်နေတယ်ဆိုတာ ပြန်ဆက်သွယ်လာတယ်လို့ သိရပါတယ်။

စဝ်စံထွန်းရပ်ကွက်က ၁၀ ယောက်၊ ညောင်ဖြူစခန်းက ၁၂ ယောက်၊ ရတနာသီရိရပ်ကွက်က ၁၅ ယောက်၊ ချမ်းမြရပ်ကွက်က ၁၀ ယောက်၊ ရွှေတောင်ရပ်ကွက်က အယောက် ၂၀၊ စိန်ပန်းရပ်ကွက်က ၁၆ ယောက်၊ ကံသာရပ်ကွက်က ၁၄ ယောက်၊ ကျောင်းကြီးစုရပ်ကွက်က ၂၃ ယောက်၊ မင်္ဂလာဦးရပ်ကွက်က ၁၀ ယောက်နဲ့ ဘုရားဖြူရပ်ကွက်က ၁၆ ယောက် ဖမ်းခံခဲ့ရပြီး အများစုကတော့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရပါဘူး။

ဒေသခံတယောက်က “စစ်တပ်က လမ်းဆုံတွေ၊ လူတွေစည်တဲ့နေရာတွေမှာနေပြီး ညဘက်ပဲ ဖမ်းတာ။ ဖမ်းဆီးခံရတဲ့သူ ဘယ်နေရာပို့တယ်ဆိုတာ မသိရဘူး။ စခန်းလာမေးလည်း မရဘူး။ ပြီးခဲ့တဲ့ တန်ဆောင်တိုင် မတိုင်ခင်တော့ ဖမ်းခံရသူတွေ ငွေနဲ့ပြန်ထုတ်လို့ရသေးတယ်။ ခုက ငွေနဲ့ သွားညှိနှိုင်းလည်းမရဘူး။ ဖမ်းခံရသူတွေ အမျိုးသားတွေပဲ” လို့ ပါတယ်။

ဖမ်းခံရသူတချို့ဟာ တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံရတာဖြစ်နိုင်ပြီး အဆက်အသွယ်လည်း မရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြရပါတယ်။

ဒေသခံနောက်တယောက်ကလည်း “မြို့မဈေးနားနဲ့ ကျောင်းကြီးစုနား အများကြီးပါသွားတယ်‌။ လမ်းတွေမှာ လိုက်ဆွဲတာ။ သူတို့က ဖမ်းပြီး ဆံပင်ညှပ်တယ်။ တခါတည်း ဟိုပုံးစစ်သင်တန်းမှာ အကုန်ပို့လိုက်တာ။ ဖမ်းခံရသူတချို့က အိမ်နဲ့ပြန်ဆက်သွယ်ပေမယ့် ပြန်ခေါ်လို့မရဘူး” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ အခုလို စစ်ကောင်စီက ညဘက်ဖမ်းဆီးနေတာကြောင့် ညဘက်အထိ အလုပ်ဆင်းနေရတဲ့ ရေသန့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ ဝန်ထမ်းတွေ အခက်အခဲဖြစ်နေရသလို  မြို့ခံတွေလည်း အပြင်မထွက်ရဲဘဲ ကြောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013