တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညနေ ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ် ၉ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လတ်တလော သိရသလောက်တော့ အဲဒီရပ်ကွက်က ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံမှာ အရေးပေါ်ကုသပေးနေသလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ပြီးနောက်မှာ အခုလို လာရောက်ဗုံးကြဲတာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သံဃာ ၁ ပါး ပျံလွန်ခဲ့ပြီး နိုဝင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ နောင်ချိုမြို့မှာ ဒေသခံ ၁၈ ယောက် သေဆုံး၊ ၃၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။