Home
မြန်မာသတင်း
ဖလမ်းမြို့နယ်၊ လုမ်သဲပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၂ ဦးပါ ၇ ဦး သေဆုံး
DVB
·
November 29, 2024
Photo-Chinland Information Center
Photo-Chinland Information Center
Photo-Chinland Information Center
Photo-Chinland Information Center

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲ (Lumte) ကျေးရွာရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်ညပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းတွေ အပါအ၀င် ၇ ယောက် သေဆုံးကာ ဆေးရုံအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီး ခဲ့တယ်လို့ Chinland Information Center က ပြောပါတယ်။ 

Chinland Information Center ပြန်ကြားရေးတာဝန်ခံက “ လုမ်သဲကျေးရွာကပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက် အအုံတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို ဆေးရုံကကျန်းမာရေး ဝန်ထမ်း ၂ ဦးအပါအဝင် ၇ ဦးက နေရာမှာတင်ဆုံးခဲ့ပါတယ်။ တခြား ၄ ယောက်ကတော့ ဒဏ်ရာတွေရခဲ့တယ်”လို့ ပြောပါတယ်။

လုမ်သဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့သက်သက် ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အဲဒီနေ့ည ၁၀ နာရီလောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ။ အခုဗုံးကြဲခံရတဲ့နေရာက တိုက်ပွဲလုံးဝမရှိတဲ့နေရာ။ အဓိကကတော့ ပြည်သူတွေဆေးကုသတဲ့နေရာပေါ့လေ။ သေဆုံးသွားတဲ့သူတွေက ဆေးရုံဝန်ထမ်းကတော့ ၂ ဦးရယ် ပြည်သူ ၂ ဦးရယ်ပေါ့။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးပါတယ်လို့တော့သိရတာ အတိအကျတော့မဟုတ်ဘူးပေါ့”လို့ ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ချင်းတော်လှန်ရေးရဲဘော်တွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်လာတာ မတွေ့ရသေးပါဘူး။

လုမ်သဲကျေးရွာပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ချင်းပြည်အစိုးရက လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လုမ်သဲပြည်သူ့ဆေးရုံဟာ နွေဦးတော်လှန်ရေးကာလ ပြည်တွင်းမှာ စစ်မက်ပဋိပက္ခတွေဖြစ်နေချိန် ပြည်သူတွေက ကိုယ်ထူကိုယ်ထနဲ့ ဆောက်ထားတဲ့ဆေးရုံဖြစ်တယ်။

နိုဝင်ဘာ ၂၈ ရက်အထိ ဖလမ်းမြို့ပေါ်၊ ထန်တလန်မြို့ပေါ်၊ ဟားခါးမြို့ပေါ်နဲ့ ဟားခါး-ထန်တလန်မြို့နယ်တွေကြားမှာတော့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ကာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့အပြင် လူမျိုးတုံး သတ်ဖြတ်မှုတွေကိုလည်း ရက်စက်စွာကျူးလွန်နေ​ပြီး အပြစ်မဲ့ပြည်သူတွေနဲ့ ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချ​တယ်လို့ ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။

လုမ်သဲပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံးမှုနဲ့ အပြစ်မဲ့ ပြည်သူတွေသေဆုံးမှုအပေါ် လွန်စွာဝမ်းနည်းပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုလည်း ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013