အစ္စရေး ပစ်ခတ်လိုက်တဲ့ ဒုံးကျည်က နိုဝင်ဘာ ၂၃ ရက်မှာ လက်ဘနွန်မြို့တော် ဘေရွတ်မြို့ရဲ့ တောင်ပိုင်းဆင်ခြေဖုံးကို ထိမှန်ခဲ့ပြီး စနေနေ့အစောပိုင်းကလည်း ဘေရွတ်မြို့လယ် ဘတ်စ်တာ ဧရိယာကို အားပြင်းတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထိမှန်ခဲ့လို့ လက်ဘနွန်မြို့တော်တလွှား တုန်လှုပ်သွားခဲ့ပါတယ်။
မနက် ၄ နာရီလောက်က အထပ်မြင့် လူနေအဆောက်အအုံကို ဒုံးကျည်အများအပြား ထိမှန်ခဲ့ပြီး အဆောက်အအုံပြိုကျပျက်စီးလို့ ပတ်ဝန်းကျင်က အဆောက်အအုံတွေနဲ့ အိမ်တွေပါ ပျက်စီးခဲ့ပါတယ်။
ပေါက်ကွဲမှုအပြီး နာရီပိုင်းအကြာမှာ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ရှာဖွေနေဆဲဖြစ်ပြီး အနီးနားမှာ ဆွေမျိုးတွေက ထမ်းစင်နဲ့ အလောင်းအိတ်တွေ ကိုင်ဆောင်စောင့်ဆိုင်းရင်း ငိုနေခဲ့ကြပါတယ်။
အထဲမှာ တိုက်ခန်း ၁၄ ခန်းပါရှိတဲ့ ၆ ထပ်တိုက် အနည်းဆုံး ၁ လုံးကို ဖြိုချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေးက လက်ဘနွန်နိုင်ငံထဲက အီရန် ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်နေတာလို့ဆိုပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ အမေရိကန် ကျောထောက်နောက်ခံပြု ကြိုးပမ်းမှုကို ဒီဖြစ်ရပ်က ခြိမ်းခြောက်လာနိုင်ပါတယ်။
မကြာသေးမီရက်တွေအတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုရဲ့ အရှိန်အဟုန်က အလွန်အားကောင်းခဲ့ပြီး ဘေရွတ်မြို့ခံတွေက ပေါက်ကွဲသံနဲ့အတူ လန့်နိုးလာခဲ့ကြပါတယ်။
လူ ၂၀ သေဆုံးပြီး ၆၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။ နောက်ဆုံး သေဆုံးသူစာရင်းကို မကြေညာမီ DNA စစ်ဆေးတာတွေ လုပ်မယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေက အရပ်ဘက်နေရာတွေမှာ သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို မြှုပ်နှံထားပြီး လူထုကိုလည်း လူသားဒိုင်းအဖြစ်သုံးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဟဇ်ဘိုလာတွေကတော့ ငြင်းဆိုထားပါတယ်။
ဂါဇာစစ်ပွဲမှာ ၁ နှစ်နီးပါးဖြစ်ပွားခဲ့တဲ့ နယ်နိမိတ်ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေအပေါ် အစ္စရေးက စက်တင်ဘာမှာ အကြီးစားထိုးစစ်တွေကို စတင်ခဲ့ပါတယ်။
လက်ဘနွန်ရဲ့ ကျယ်ပြန့်တဲ့ ဧရိယာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး လက်ဘနွန် တောင်ပိုင်းဆီကို မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။
Source: Reuters