Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ မရပ်မချင်း အစ္စရေးနှင့် ဓားစာခံလဲလှယ်မည်မဟုတ်ဟု ဟားမတ်စ် ပြော
DVB
·
November 22, 2024
Photo : AL-AQSA TV

ပါလက်စတိုင်းနယ်မြေအတွင်း စစ်ပွဲမပြီးမချင်း အစ္စရေးနဲ့ ဓားစာခံတွေအတွက် အကျဉ်းသားလဲလှယ်ခွင့် မရနိုင်ဘူးလို့ ဟားမတ်စ်ရဲ့ ယာယီ ဂါဇာအကြီးအကဲ ခါလိလ် အယ်လ်ဟေယာက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ပြောပါတယ်။

ရန်လိုမှု မပြီးဆုံးသေးရင် တော်လှန်ရေးက အထူးသဖြင့် ဟားမတ်စ်တွေက ဓားစာခံ အကျဉ်းသားကို ဘာလို့ပြန်ပေးမှာလဲလို့ ဟေယာက ဟားမတ်စ် အဖွဲ့ရဲ့ အယ်လ်အဲ့ခ်ဆာ ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ ပြောသွားတာဖြစ်ပြီး စစ်ပွဲအဆုံးသတ်ဖို့ လုပ်ဆောင်ရမယ့်အပေါ် အဖွဲ့ရဲ့သဘောထားကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

စစ်ပွဲတွေက ဆက်ဖြစ်နေတဲ့အချိန်မှာ စိတ်ကောင်းရှိသူ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့လက်ထဲမှာ ဆုပ်ကိုင်မိထားတဲ့ အားသာချက်ကိုဘာလို့ ဆုံးရှုံးခံရမှာလဲလို့ ဟေယာက ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမယ့် ကြိုးပမ်းမှုတွေက ရပ်တန့်နေပြီး ဗုဒ္ဓဟူးနေ့က ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အတိအလင်း တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကိုသာ အမေရိကန်က ထောက်ခံမှာဖြစ်တယ်လို့လည်း ဝါရှင်တန်ရဲ့ ကုလသမဂ္ဂသံအမတ်ကြီးက ပြောပါတယ်။

ကာတာနဲ့ အီဂျစ် ညှိနှိုင်းရေးမှူးတွေနဲ့ ဆွေးနွေးရာမှာ ဟားမတ်စ်အုပ်စုရဲ့ ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဟေယာ ကတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကြောင့် တိုးတက်မှုမရှိတာလို့ အပြစ်တင်ထားပါတယ်။

ဟေယာက ဂါဇာကမ်းမြောင်ဒေသကို စီမံအုပ်ချုပ်ဖို့ သမ္မတ မာမွတ်အာဘတ်စ်ရဲ့ ပြိုင်ဘက် ဖာတာ အဖွဲ့နဲ့အတူ အုပ်ချုပ်ရေးကော်မတီဖွဲ့ဖို့ ဟားမတ်စ်အတွက် အီဂျစ်ရဲ့ အဆိုပြုချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။

ဒါဟာ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အခါ နယ်မြေကို ဘယ်လိုလည်ပတ်ရမလဲ ဆိုတဲ့ ထူးထူးခြားခြား မေးခွန်းကို ဖြေရှင်းပေးမယ့် အစီအမံတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သဘောတူညီမှု မရသေးပါဘူးလို့လည်း ဟေယာက ပြောပါတယ်။

အစ္စရေးကတော့ စစ်ပွဲအပြီးမှာ ဂါဇာကိုအုပ်ချုပ်ဖို့ ဟားမတ်စ်တို့ရဲ့ အခန်းကဏ္ဍကို ပယ်ချခဲ့ပြီးတော့ နယ်မြေကို အုပ်ချုပ်ဖို့ အာဘတ်စ်ရဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို အယုံအကြည် မရှိဘူးလို့ ဆိုထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024