နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ စစ်ရာဇဝတ်မှု ဖမ်းဝရမ်းဟာ ဂျူးဆန့်ကျင်ရေးတခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရှုတ်ချခဲ့ပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံးက နေတန်ယာဟုနဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ဂယ်လန့်တို့ကို ဂါဇာမှာရှိတဲ့ ပြည်သူတွေကို သတ်မှု၊ ညှဉ်းပန်းမှု၊ အငတ်ဘေးဆိုက်အောင် ပြုလုပ်မှုတို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
အစ္စရေးကတော့ ICC ရဲ့ တရားစီရင်မှုကို ပယ်ချထားပြီး ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ပြုလုပ်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
“ဂျူးဆန့်ကျင်ရေး ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးဟာ ခေတ်သစ်ဒိုင်ဖြူ့လို ဖြစ်နေပါတယ်။ ဒီကိစ္စတွေလည်း အဲဒီလိုပဲ အဆုံးသတ်မှာပဲ” လို့ နေတန်ယာဟုက ဗီဒီယိုသတင်းထုတ်ပြန်မှုကနေ ပြောကြားခဲ့ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပြင်သစ်မှာ ဂျူးဆန့်ကျင့်ရေး အဖြစ်အပျက်တခုကို နေတန်ရာဟု ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ICC ရဲ့ တရားစွဲမှုတွေကို အစ္စရေးရော၊ ဟားမတ်စ်ကပါ ပယ်ချထားတာ တွေ့ရပါတယ်။
“ICC ရဲ့ ဆုံးဖြတ်ချက်က ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ ဂါဇာက လူတွေကို အစားအသောက် တန်ချိန် ၇၀၀,၀၀၀ ပေးခဲ့ပါတယ်။ အဲဒီက ဒေသခံတွေ အန္တရာယ်ဘေးကနေ လွတ်မြောက်ဖို့ မက်ဆေ့ချ်ပေးပို့မှု၊ ဖုန်းခေါ်မှုနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှုတို့ ပြုလုပ်ခဲ့ပါတယ်။ ဟားမတ်စ် အကြမ်းဖက်တွေက သူတို့အာဏာမြဲဖို့ ဒေသခံတွေကို ဒုက္ခပေးတာပါ။ ဟားမတ်စ်တွေက ဒေသခံတွေကို ပစ်သတ်တာ လူသားဒိုင်းအဖြစ် အသုံးချတာတွေ လုပ်ပါတယ်” လို့ နေတန်ရာဟုက ပြောပါတယ်။
ICC ဟာ ဇူလိုင်လက ဂါဇာမှာ အသတ်ခံရတယ်လို့ အစ္စရေးက ပြောတဲ့ ဟားမတ်စ်တပ်မှူး မိုဟာမတ်ဒေ့ဖ်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ICC က လက်တွေ့ကျတဲ့ အကြောင်းအရာကတော့ ဒီ ဂါဇာစစ်ပွဲရဲ့ အဓိက တာဝန်ရှိသူ ၃ ယောက်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာပါ။
ICC ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မခံနိုင်စရာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ရဲတပ်ဖွဲ့မရှိတာကြောင့် ဖမ်းဆီးဖို့ မဖြစ်နိုင်ဘဲ အဖွဲ့ဝင် ၁၄၂ နိုင်ငံက ဖမ်းဆီးမှုအပေါ်မှာ မူတည်နေပါတယ်။
Source : Reuters