မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာအုပ်စု၊ လက္ကောင်းကြီးရွာသစ် ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တပါး အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ရွာသစ်ရွာဘုန်းကြီးကျောင်း ဓမ္မာရုံကို မတ္တရာမြို့ပေါ်က စစ်သားနဲ့ ပျူတွေက ဒရုန်းနဲ့ ဗုံးကြဲသွားလို့ ဓမ္မာရုံအဆောက်အဦလည်း ပျက်စီးသွားသလို ကိုရင်တပါးနဲ့ အမျိုးသမီးငယ် ၂ ယောက်လည်း သေဆုံးသွားပါတယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက္ကောင်းကြီးရွာသစ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့သက်သက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုပီတာက “အဲဒီရွာနဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘဲ ဗုံးကြဲသွားတာပါ။ ဒီမြို့နယ်ထဲက တခြားနေရာတွေမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပေါ့။ မတ္တရာမြို့ပေါ်က သူတို့တပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးပစ်တာတွေ ရှိသလို ဒရုန်းတွေနဲ့လည်း ဗုံးကြဲတာတွေက နေ့တိုင်းနီးပါးပဲဗျ။ တိုက်ပွဲတွေဖြစ်နေတဲ့ မတ္တရာအရှေ့ခြမ်းကော အနောက်ခြမ်းကော ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ သတင်းစီးဆင်းမှုက နောက်ကျနေတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ ၂ စီးနဲ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ်က မတ္တရာမြို့နယ် အနောက်ခြမ်းက စိန်ပန်းကုန်းကျွန်းရွာ၊ တောပုကျေးရွာနဲ့ သဲကျွန်းကျေးရွာတွေကြားကို ပေါင် ၅၀၀ ဗုံး ၄ လုံးနဲ့ ပေါင် ၂၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၂ ယောက် သေဆုံးခဲ့သလို ဗုံးဒဏ်ခံရတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော် ၁၀၀ နီးပါးဟာလည်း မူးဝေအော့အန်တဲ့ဝေဒနာ ခံစားခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ဆီကနေ သိရပါတယ်။
လက်ရှိမှာ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုဝင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေနဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ ကြိုးစားပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဆီကနေ သိရပါတယ်။