ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်ဘက်က အင်အားတွေ ဖြည့်တင်းပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လာတဲ့အပြင် စစ်ကြောင်းတွေ အများအပြားထိုးပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုဒီးက “ထူးခြားတာကတော့ စစ်ကောင်စီတပ်ဘက်က ကယား ကရင်နီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်ရရှိဖို့ သူတို့ဘက်က စစ်ကြောင်းတွေ အများကြီးထိုးလာတာ ရှိတယ်။ လက်နက်ကြီးပစ်ခတ်တာ နေ့တိုင်းလိုလိုရှိတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မိုးဗြဲအထိုင်တပ်ဖြစ်တဲ့ ခမရ ၄၂၂ မှာ ရာနဲ့ချီ ရောက်ရှိနေတယ်ဆိုတာ သိရပြီးနောက် မြေပြင်ကနေလာတဲ့ စစ်ကြောင်းတွေလည်းရှိကာ မိုးဗြဲအရှေ့ ဖယ်ခုံမှာ ရက်ရှည်တိုက်ပွဲတွေ ခဏခဏဖြစ်နေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ပထမအပတ်က စစ်ကောင်စီတပ်နဲ့ ကရင်နီပြည် လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီ ကရင်၊ ကယား၊ ချင်း၊ ကချင်၊ ရခိုင်၊ ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။