Home
မြန်မာသတင်း
ကလေးနှင့် ခင်ဦးမြို့နယ်တို့ကို စစ်တပ် လက်နက်ကြီးများဖြင့်ပစ်ခတ်၊ ပြည်သူ ၄ ဦး သေဆုံး
DVB
·
November 26, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်း အိမ်ခြေ ၃,၀၀၀ ကျော်ရှိတဲ့ လက်ပံချောင်းရွာကို စစ်ကောင်စီတပ်က ကလေးမြို့ အမြောက်တပ် အထိုင်ကနေ နိုဝင်ဘာ ၂၆ ရက် မနက်က လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၄ ယောက် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ပံချောင်းရွာသားတယောက်က “ကျနော်တို့ လက်ပံချောင်းရွာက ကလေးမြို့ပြီးတာနဲ့ အကြီးဆုံးရွာတရွာဖြစ်သလို ဈေးတန်းလည်းရှိပြီးတော့ လူစည်ကားတဲ့ ရွာတရွာ ဖြစ်တယ်ဗျ။ အဲလို လူစည်တဲ့ရွာကို စစ်တပ်က ဒီနေ့ မနက်ခင်းပိုင်းမှာ ၁၂၂ မမ လက်နက်ကြီးနဲ့ပစ်လို့ ရွာထဲက ဈေးဆိုင်အိမ်ပေါ် ကျတယ်။ ဈေးအရောင်းကူပေးနေတဲ့ အသက်အလတ် အမျိုးသမီးတဦး၊ သက်ကြီး အမျိုးသမီးတဦး သေဆုံးတယ်။ နောက်ထပ်တလုံးကလည်း လူနေအိမ်ပေါ်ကျပြီး အသက်လတ် အမျိုးသမီးတဦးနဲ့ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတဦး သေဆုံးခဲ့တယ်ဗျ။ ပစ်တာကတော့ အခု ညနေပိုင်းအထိ ပစ်‌နေတုန်းပဲ” လို့ ပြောပါတယ်။

လက်ပံချောင်းရွာဟာ ကလေးမြို့ကနေ မြေပြင်ကနေ ၁၂ မိုင်ခန့်ကွာဝေးပြီး ဝေဟင် အဖြောင့်တိုင်းတာပါက ၈ မိုင်ခွဲခန့်သာ ကွာဝေးတယ်လို့လည်း သိရပါတယ်။

အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးနဲ့ နီးစပ်သူတယောက်က “ဝေဟင်ကနေ လက်နက်ကြီးပစ်မယ်ဆိုရင် ၈ မိုင်ခွဲပဲကွာမယ်။ မြေပြင်မှာတော့ လက်နက်ကြီးနဲ့ စစ်တပ်ကပစ်တိုင်း အဲရွာကိုပဲ ပစ်နေတာ။ ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်။ သူတို့ပစ်ချင်လို့ကို ပစ်နေတာပါ” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်လို့ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မတ် ၁၄ ရက် ညကလည်း စစ်ကောင်စီတပ်က လက်ပံ‌ချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက် နေ့ခင်းပိုင်းမှာ ရေဦးတိုင်းရင်းဆေးရုံကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ၇ လုံးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ရွာသစ်ရွာသားတယောက်က ပြောပါတယ်။ 

“ကျနော်တို့ ရွာသစ်ကုန်းရွာရဲ့ အနောက်ဘက်နဲ့ မြောက်ဘက် ခင်ကုန်းတန်းတွေပေါ် ကျတယ်ဗျ။ နောက်ပြီတော့ အင်းပတ်ရွာနဲ့ ကျနော်တို့ ရွာသစ်ကုန်းရွာကြားက လမ်းကွေ့တ‌နေရာမှာလည်း ကျခဲ့တယ်ဗျ။ ကံကောင်းလို့ ပြည်သူထိခိုက်သေ‌‌ဆုံးတာ မရှိခဲ့ဘူး။ သူတို့က လက်နက်ကြီးနဲ့ အခုလိုပစ်တော့ ကျနော်တို့ပြည်သူတွေ ကိုယ့်အိမ်ထဲ ကိုယ်နေတာတောင် လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ ဘယ်နေ့ လက်နက်ကြီးကျည်ဆန်ကျပြီး သေမလဲဆိုပြီး တွေးကြောက်နေကြရတယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိသလို စစ်ရေးပြင်ဆင်မှုလည်း မရှိဘဲနဲ့ကို ရမ်းသန်းပြီး စည်းကမ်းမရှိ ပစ်ခတ်နေတာ။” 

စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရွာသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ရွာအတွင်း တပ်စွဲနေထိုင်ခဲ့တာကြောင့် သာမန်ပြည်သူတွေ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ကြရပြီး တပ်စွဲထားတဲ့စစ်တပ်က ၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ ရေဦးမြို့ပေါ်ကို တပ်ပြန်ဆုတ်သွားတာကြောင့် ပြန်သူတွေ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

အင်ပတ်ရွာဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က “ရေဦး တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ (-)ခြံကနေ လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်တာ ဟုတ်တယ်ဗျ။ ပြည်သူတွေ ထိခိုက်မှုတော့မရှိဘူး။ ဘာလို့ပစ်တာလဲဆိုတော့ သူတို့ စစ်တပ်အထိုင်ချနေတုန်းက ရွာသစ်ရွာက ပြည်သူတွေက ရွာထဲမနေဘဲ ရှောင်တိမ်းနေပြီး သူတို့စစ်တပ် ထွက်သွားတော့မှ ရွာထဲပြန်ဝင်နေလို့ ပစ်ခတ်တာလား မသိဘူးလေ။ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်ကတော့ ဘာစစ်ရေးဖော်ဆောင်တာမှ မရှိသလို ဖြတ်သန်းသွားလာတာတောင် မလုပ်ကြဘူးရယ်။ သူတို့ပစ်ခတ်ချင်လို့ကို ပစ်ခတ်တာပါ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရေဦးတိုင်းရင်းဆေးရုံကနေ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ အခုလို ပစ်ခတ်လို့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူ အများအပြား သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013