Home
မြန်မာသတင်း
တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်
DVB
·
November 28, 2024

အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေဟာ နိုဝင်ဘာ ၂၇ ရက်က အပြင်းထန်ဆုံး အခြေအနေမှာ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်က တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေဟာ အရမ်းကို ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တ‌ယောက်က ပြောပါတယ်။

“တိုက်ပွဲက ၂၇ ရက်နေ့အထိ အရမ်းကို ပြင်းထန်နေတယ်။ အဓိကတော့ စကခ-၅ ဌာနချုပ်အတွင်းမှာ AA ဘက်က ဖိတိုက်နေတာ။ ကျန်တပ်ရင်းနှစ်ခုကိုလည်း ထိုးစစ်ဆင်တိုက်နေတာ။ စစ်ကောင်စီကတော့ ဂျက်တိုက်လေယာဥ်တွေနဲ့ရော Y-12 တွေနဲ့ပါ ဗုံးကြဲနေတယ်။ တိုက်ပွဲကတော့ အပြင်းထန်ဆုံး အခြေအနေလို့ ပြောရမယ်။”

တောင်ကုတ်အခြေစိုက် တပ်မနဲ့ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေကိုတော့ လက်နက်ချ အညံ့ခံကြဖို့ အာရက္ခတပ်တော်ဘက်က သတိပေးထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော်ဘက်က နိုဝင်ဘာ ၂၀ ရက်ကျော်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကိုလည်း ဝန်းရံပိတ်ဆို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တောင်ကုတ်မြို့ ညစျေးတန်း မီးလောင်ခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အမ်းအခြေစိုက် နပခ ဌာနချုပ်နဲ့ ဂွမြို့နယ်၊ မောင်တောမြို့နယ်တို့မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ ၁ နှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့နယ်တို့လောက်သာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013