Home
မြန်မာသတင်း
ဗန်းမော်နှင့် မံစီမြို့ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်
DVB
·
December 4, 2024

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာ ၄ ရက် ဒီမနက်အစောပိုင်းက စတင်ပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့  (KIA-KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

ဗန်းမော်နဲ့ မံစီကို KIA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာ လအတော်ကြာခဲ့ပါပြီ။ လက်ရှိမှာတော့ စခန်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ မြေပြင်အခြေအနေတွေမသိရသေးလို့ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါတယ်။

ဗန်းမော်နဲ့ မံစီတဝိုက်က ဒေသခံတွေကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပိတ်မိနေသူတွေဘယ်လောက်ရှိနိုင် မလဲဆိုတာကိုတော့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်ရေးလိုင်းတွေအားလုံးပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ဗန်းမော်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မံစီမြို့အနီးက ကျန်ရှိနေတဲ့ ခမရ ၃၁၉၊ ၆၀၁ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မိုးမောက်မြို့ ဒေသခံတယောက်ထံကနေ သိရပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေကို မနက်အစောပိုင်းကနေ ကြားနေရပြီး လက်နက်ကြီး ပစ်ခတ်တဲ့ အသံတွေကို ကြားနေရတာ သုံးလေးရက်လောက် ရှိလာပြီလို့ ဗန်းမော်မြို့က ပြည်သူတွေနဲ့ အဆက်အသွယ်ရှိတဲ့ မိုးမောက် ဒေသခံတယောက်က ပြောပါတယ်။

“လက်နက်ကြီးသံတွေ ကြားနေရတာက အရင် သုံး လေးရက်လောက်ကတည်းကနေ ကြားနေတာပဲ။ ဒီနေ့မနက်စောကနေတော့ မြို့ပတ်ဝန်းကျင်မှာ သေနတ်အသေးသံတွေ ကြားနေရတယ်တဲ့ ပတ်ပတ်လည်ပဲ၊ မနက်စောမှ ဖုန်းလိုင်းကောင်းတော့ ပြောလို့ ပိုအဆင်ပြေတယ်၊ အခုက ဖုန်းလိုင်းပြန်မရတော့ ဗန်းမော်ကနေ ဆက်လာမှပဲ ဆက်လို့ ရတယ်၊ ကြားသိရသလောက်ကတော့ မြို့ပတ်ဝန်းကျင်မှာ ဖြစ်နေပြီးတဲ့ ဗန်းမော်မြို့နဲ့လည်း အတော်လေး နီးလာပြီလို့ သိရတယ်၊ မြို့သိမ်းနေကြပြီတဲ့။”

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဗန်းမော် ၃ မိုင်နဲ့ ၂ မိုင် ပတ်ဝန်းကျင်တွေ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေပြီးတော့ ဗန်းမော်မြို့အစွန်မှာ နေထိုင်တဲ့ ပြည်သူတွေကလည်း မြို့ထဲကို ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ မိုးမောက်-ဗန်းမော်လမ်း ၅ မိုင်နဲ့ ၂ မိုင်ကြားက ထောက်ပို့တပ်၊ ဆေးတပ်နဲ့ သံချပ်ကာတပ်စခန်းတွေ ပတ်ဝန်းကျင်၊ စကခ ၂၁ အနီးက နမ့်ဖား၊ ဗန်းမော် တက္ကသိုလ်ပတ်ဝန်းကျင်၊ ဗန်းမော်အထွက် မံစီလမ်းပေါ်က ခလရ ၄၇ တပ်စခန်းအနီး ပတ်ဝန်းကျင်တွေမှာ မနက်အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ ဗန်းမော်အထွက် မံစီလမ်းပေါ်က ရွှေညောင်ပင်ရွာထိပ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တပ်စခန်းနဲ့ ခလရ ၄၇ တပ်စခန်း ကာကင်း ဖန်းကားကုန်း စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အားအများအပြား တပ်စွဲထားတဲ့ စကခ ၂၁ အနီးက နမ့်ဖားတက္ကသိုလ်ဝင်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပတ်ဝန်းကျင်တွေကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဗန်းမော်မြို့က နေရာတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က ဝင်ရောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ DVB က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျန်ရှိနေသေးတဲ့ မံစီမြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း ကချင်လွတ်လပ်ရေး တပ်မတော်က ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ရေးလေ့လာသူ CDMဗိုလ်ကြီး ဇင်ယော်ကတော့ ရှမ်းမြောက်က MNDAAက အပစ်ရပ်ကြေညာပြီးချိန်မှာပဲ ရှမ်းမြောက်နဲ့တဆက်တည်းရှိနေတဲ့ ဗန်းမော်စစ်ဒေသမှာ တိုက်ပွဲတွေ အခုလိုဖော်လာတာက ထူးခြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်အခြေစိုက် ခလရ (၄၇) လက်အောက်က ရှေ့တန်းစခန်းတွေကို ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်သလို မံစီမှာကျန်နေတဲ့ စစ်ကောင်စီလက်ကျန် တပ်ရင်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

လက်ရှိအခြေအနေအရတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မံစီကို အရင်ဆုံး သိမ်းနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေတော့ လာရောက်တဲ့အခြေအနေမရှိဘဲ ရှိပြီးသားတပ်တွေနဲ့ပဲ တိုက်ခိုက်နေတဲ့အခြေအနေလို့ KIOဘက်က ပြောပါတယ်။

ဗန်းမော်မြို့မှာ  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နဲ့ တပ်မ ၈၈ တို့အပြင် ခြေလျင်၊ ခြေမြန်တပ်တွေရှိနေသလို မံစီမှာတော့ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တပ်ရင်းနဲ့ တပ်စခန်းတွေ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013