Home
မြန်မာသတင်း
ဗန်းမော်မြို့ ထိပ်နားထိ တိုက်ပွဲပြင်းထန်လာပြီး မြို့ခံပြည်သူများ ပိတ်မိနေ
DVB
·
December 5, 2024
Photo-ဒေသခံ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၄ ရက်မနက် အစောပိုင်းကစပြီး မြို့ထိပ်နားထိ တိုက်ပွဲ ပြင်းထန်လာလို့ မြို့ခံပြည်သူတွေ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က "မြို့က လူရဲ့ အခက်အခဲကတော့ မြို့ပြင် မြို့ထွက် ထွက်လို့ မရတော့ ပိတ်မိနေကြတာပေါ့ အားလုံး" လို့ ပြောပါတယ်။

မြို့ပတ်ပတ်လည် အားလုံး KIA ဘက်က အဝင်အထွက် အားလုံး ပိတ်ထားလို့ ဝင်လို့လည်း မရသလို ထွက်လို့လည်းမရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

"မြို့ထဲထိတော့ မရောက်သေးပါဘူး။ မြို့ထိပ်နားပေါ့နော်။ အဲ လေယာဉ်ကွင်း ထိပ်နားမှာ တိုက်ပွဲဖြစ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ် အဲမှာ ဆိုင်တွေ မီးလောင်သွားတယ်။ သုံးမိုင် ဘက်တော့ အထိနာတာပေါ့နော်။" 

သုံးမိုင်မှာ ရှိတဲ့ နည်းပညာကျောင်းက ဝန်ထမ်းတွေ၊ ဆရာမတွေ၊ ကလေးတွေကို KIA ဘက်က ခေါ်သွားပြီး မြို့ခံတချို့က စက်‌လှေတွေနဲ့ တသီတတန်းစစ်ရှောင်နေကြရတယ်လို့ ဒေသခံ အမျိုးသားတယောက်ကလည်း ပြောပါတယ်။

မြို့ထဲတော့ ရှော့တိုက်ဒုံးကျတာများပြီး စစ်ကောင်စီကတော့ လေယာဉ်နဲ့ ဗုံးပတ်ကြဲနေကာ အရပ်သား ထိခိုက်မှုကတော့ သုံးမိုင်ဘက် ပိုများပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က "ဗန်းမော် လေယာဉ်ကွင်း သိမ်းလိုက်ပြီလို့ ကြားနေ‌တယ်။ စစ်ကောင်စီဘက်က အတော်ရှုံးလာလို့ လေယာဉ်တွေကြီး လာနေတာ ဖြစ်မယ်"လို့ ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက် ဗန်းမော် လေယာဉ်ခရီးစဉ် အားလုံး  ဖျက်သိမ်းလိုက်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

မံစီ ကနေ ဗန်းမော်မြို့ဘက် အ၀င် ခလရ - ၄၇ ဖန်းခါးကုန်းဂိတ်စခန်းနဲ့ ညောင်ပင်သာစခန်းကိုတော့ ဒီဇင်ဘာ ၄ ရက် မနက် ၇ နာရီလောက်က သိမ်းပိုက် ခဲ့ကြောင်း KIA နဲ့ နီးစပ် သူတွေက ပြောပါတယ်။

ဗန်း‌မော်နဲ့ မံစီ ဘက်က စစ်ကောင်စီ တပ်စခန်း နေရာတွေ တချို့ကို ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီခန့်ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက တပြိုင်ထဲ စတင် ထိုးစစ်ဆင်နေတာ လို့ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013