Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဗန်းမော်ဒေသခံများ ထိခိုက်ဒဏ်ရာရသူများပြား၊ မြို့မှထွက်လာသူများကို စစ်တပ်က ပစ်ခတ်
DVB
·
December 6, 2024

ကချင်လွတ်လပ်တပ်မတော် (KIA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲက ပြည်သူတွေ နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြား ရှိနေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်ခွာလာတဲ့ ဒေသခံဆီကနေ သိရပါတယ်။

ဗန်းမော်မြို့အတွင်း မြေပြင်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာ ၄ ရက်မှာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော်ရှိတယ်လို့ သိရပြီး ၅ ရက်နေ့မှာလည်း ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“၃ မိုင်နားဘက် စပစ်ကြတော့ အဲဘက်က ထွက်ပြေးလာတဲ့ ပြည်သူတွေ ထိတာများတယ်။ ဆေးရုံကို ရောက်လာကြတာ အများကြီးပဲ။ မြို့ပတ်ပတ်လည်မှာ ဖြစ်နေတော့ ထိတဲ့သူတွေလည်း များတယ်။ မနေ့က တရက်တည်းမှာ ၅၀ အထက်ရှိတယ်။ ဒီနေ့ကော ထိတဲ့သူတွေ ရှိမှာပဲ၊ တိုက်ပွဲက မြို့ထဲအထိရောက်လာပြီ၊ အဲဒါနဲ့ ကျမတို့ကော ထွက်လာလိုက်တာ။”

ထိခိုက်ဒဏ်ရာရရှိသူ အများစုဟာ ၂ မိုင်၊ ၃ မိုင် ရပ်ကွက်၊ နောင်ခိုနဲ့ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေကလည်း လုံခြုံရေးကြောင့် ဗန်းမော်မြို့ပေါ်ကနေ ထွက်ခွာနေရတာကြောင့် ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဗန်းမော် စက်လှေဆိပ်ကနေတဆင့် ထွက်ခွာလာတဲ့ ပြည်သူတွေကို စကခ ၂၁ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် ဗန်းမော်ကနေ ထွက်ခွာဖို့ အခက်အခဲတွေ ဖြစ်နေပြီး အချိန်တွေကြန့်ကြာနေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်လာတဲ့ ဒေသခံတယောက်ဆီကနေ သိရပါတယ်။

ဗန်းမော်မြို့မှာရှိတဲ့ ပြည်သူတွေ ထွက်ခွာဖို့အတွက် စက်လှေမလုံလောက်မှုတွေ ရှိနေပြီး ဗန်းမော်မြို့ကနေ မထွက်ခွာနိုင်တဲ့ ပြည်သူအများအပြား ရှိနေတယ်လို့ ဗန်းမော်မြို့ကနေ ထွက်လာတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့ ထွက်လာတုန်းကဆို ၂၁ ဘက်က ပစ်လို့ ရေဆိပ်ဘက်မှာ ကျည်တွေလာကျတယ်။ ရေမှာကော၊ အဲမှာ ထွက်လာတဲ့လူတွေက ပြည့်ကြပ်လို့ ရေထဲဝပ်တဲ့သူတွေက ဝပ်နဲ့ မြေကြီးထဲ ဝပ်တဲ့သူတွေက ဝပ်၊ လှေက မလောက်နဲ့ဆိုတော့ အတော့ကို အဆင်မပြေဘူး။ လှေဆိပ်မှာလည်း ထွက်လာတဲ့သူကများ၊ လှေကနည်းဆိုတော့ ကြိတ်ကြိတ်တိုး၊ မြို့ထဲမှာက တိုက်ပွဲဖြစ်နေပြီး မနည်းထွက်လာရတယ်။ ဒါတောင် ကျမအမျိုးသားက နောက်မှာ ကျန်ခဲ့သေးတယ်။”

ဗန်းမော်မြို့ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်လာဖို့ အဆင်မပြေတဲ့ ဗန်းမော်မြို့ခံ ပြည်သူတွေ အများအပြား ရှိနေသေးလို မိုးမောက်နဲ့ မံစီမြို့ကနေ ဗန်းမော်မြို့ကို တိမ်းရှောင်နေတဲ့ ပြည်သူအများအပြားလည်း ဘာသာရေးကျောင်းဝင်းတွေမှာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ၅,၀၀၀ နဲ့အထက်အတွက်လည်း အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ တိမ်းရှောင်ပြည်သူတွေကို ကူညီပေးနေသူတယောက်ဆီကနေ သိရပါတယ်။

ဗန်းမော်မြို့ထဲမှာ မြို့သိမ်းတိုက်ပွဲ မစတင်ခင်က ပြည်သူ ၂ သိန်းနဲ့ ၃ သိန်းကြား နေထိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်မြို့တွင်းက ကုက္ကတောရပ်ကွက်နဲ့ နောင်ခိုစကခ ၂၁ ပတ်ဝန်းကျင်၊ လေယာဉ်ကွင်းအနီးက ၃ မိုင်ရွှေပြည်သာ ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်တွေကို ဒီဇင်ဘာ ၅ ရက်မှာ ည ၈ နာရီအထိ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013