မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၅၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူတို့ စစ်ကြောင်းက အင်အား ၇၀ နီးပါးလောက် ပါတယ်ဗျ။ ငါးမိုင်ရွာဘက်ကနေ ကူးလာပြီးတော့မှ ရွာသစ်ရွာထဲကို ဝင်ပြီးမီးရှို့သွားတာပါ” လို့ ပြောပါတယ်။
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ရွာသစ်ကျေးရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က အဲဒီရွာဘက်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ရွာသစ်နဲ့ ကြိုးဝရွာကြားမှာ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တိုက်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲမှာ သူတို့ဘက်က ၂၀ ကျော် သေတယ်။ လက်နက်ခဲယမ်းတွေလည်း ကျနော်တို့ဘက်က ရလိုက်တယ်။ အဲ့ဒါကို မကျေနပ်လို့ ရွာသာကို စစ်ကြောင်းထပ်ဝင်ပြီး အိမ်တွေကို မီးရှို့တာ ဖြစ်နိုင်ပါတယ်။ ပြည်သူဒဏ်ရာရ သေဆုံးတာမရှိဘူးလို့လည်း ကနဦးသိရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရွာသာကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းအထိ ရွာသစ်ကျေးနဲ့ ကြိုးဝကျေးရွာကြားမှာ စခန်းချ နေထိုင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်းကတည်းက မင်းတုန်းမြို့နယ်ထဲက ရွာသစ်ကျေးရွာ၊ ကြိုးဝကျေးရွာတို့အပြင် အနီးအနားကကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတာ ၁ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။