မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ ကားတစီး ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအနီးမှာ ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီခွဲလောက်က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် မောင်းနှင်လာတဲ့ ဟွန်ဒါအမျိုးအစား အဖြူရောင်ကားပေါ် သေနတ်နဲ့ ဗုံးသီးတွေ သယ်ဆောင်ပြီးထွက်လာချိန် စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရတာလို့ ရေစကြိုပကဖရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လက်နက်ခဲယမ်းတွေ လာထုတ်ပြီးအပြန် ပခန်းကြီးအနားမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရတာပါ။ ပစ်ခတ်မှုအတွင်းမှာ ကားစက်နှိုးလို့မရတော့လို့ လူတွေပဲ လွတ်အောင် ဆုတ်ခွာခဲ့ရတာ။ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ စိုးရိမ်စရာတော့မရှိပါဘူး”
ချုံခိုတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ က တပ်သားတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဟွန်ဒါအမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ Glock (.38) ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီးအလုံး ၄၀၊ စုစုပေါင်းကျပ်သိန်း ၂၀၀ ဖိုးလောက် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ရွာနဲ့ ကံသစ်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တို့ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအဖွဲ့ဆီက လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ Keypad ဖုန်း ၇ လုံး၊ ရီမု ၁ ခု၊ ယမ်းထုပ် ၃ ထုပ်၊ ယမ်းကြိုးခွေ ၅ ပေ၊ မိုင်းခွဲ ရီမုကဒ် ၁၅ ခု၊ မိုင်းခွဲကပ်သီး ၈ ခု၊ ဝါယာကြိုး ၁၅၀ ပေ၊ ဘတ္တရီအားတိုင်းကိရိယာ ၁ ခု တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြထားပါတယ်။