Home
မြန်မာသတင်း
ယင်းမာပင်မြို့တွင် စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းနင်းမိသဖြင့် ပြည်သူ ၁ ဦး ခြေထောက်ပြတ် 
DVB
·
December 8, 2024
Photos: ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ ဒီဇင်ဘာ ၇ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ပြည်သူ ၁ ဦး ခြေထောက်ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့ခံတဦးက “မနက် ၉ နာရီလောက်က သင်္ချိုင်းဟောင်းနားမှာ လူတယောက် မိုင်းနင်းမိလို့ ခြေချောင်းတွေပြတ်ကုန်တယ်။ အဲ့ဒီဘက်ကို ထင်းခွေသွားတာလို့ ပြောတာပဲဗျာ။ အဲ့ဒီသင်္ချီုင်းအဟောင်းနဲ့ ရဲစခန်းက သိပ်မဝေးဘူးဗျ” လို့ ပြောပါတယ်။

အဆိုပါ သင်္ချိုင်းဟောင်းဟာ ယင်းမာပင်ရဲစခန်းနဲ့ ပေ ၁၀၀၀ နီးပါးလောက်ဝေးကွာပြီး ယင်းမာပင်ရဲစခန်းအတွင်း တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ​မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် လူသွားလူလာနည်းပါးတယ်လို့လည်း သူကဆက်ပြောပါတယ်။

မိုင်းနင်းမိပြီး ခြေချောင်းတွေ ပြတ်သွားသူဟာ ယင်းမာပင်မြို့၊ ဃ ရပ်ကွက်မှာ နေထိုင်ပြီး လက်လုပ်လက်စား အသက် ၃၅ နှစ်ဝန်းကျင်ရှိတဲ့ ကိုဖိုးပြား (ခေါ်) ယောလေး ဖြစ်တယ်လို့ တိုပါတယ်။

“အရေးပေါ်ကားတွေ ရောက်သွားတဲ့အချိန် သူက သွေးထွက်လွန်နေပြီ။ စိုက်ပျိုးရေးရုံးထဲမှာရှိတဲ့ စစ်တပ်က ဗျူဟာဆေးခန်းကိုပဲ ပို့ပေးလိုက်ကြတယ်။ နေ့လယ်ပိုင်းမှာ အဲဒီကနေပြီးမှ မုံရွာဆေးရုံကို လွှဲပေးလိုက်တယ်။ ခြေထောက်ဖြတ်ရတယ်လို့တော့ သိရတယ်ဗျ” လို့ ယင်းမာပင်မြို့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ယင်းမာပင်ရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

ယင်းမာပင်မြို့ပေါ်နဲ့ မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လည်း နင်းမိုင်းအန္တရာယ်ကို အထူးသတိပြုသွားလာကြဖို့ကိုလည်း အသိပေး တိုက်တွန်းထားတယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013